စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အဝေးပြေးယာဉ်လိုင်းများ သတ်မှတ်ယာဉ်စီးခနှုန်းထက် ပိုမိုကောက်ခံပါက YRTA ထံ အကြောင်းကြားတင်ပြရမည်

0

Full article

ယခုရက်ပိုင်းအတွင်း ပြည်တွင်းစက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် ပြည်နယ်တိုင်းများသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများသတ်မှတ်ယာဉ်စီးခနှုန်းထက် ပိုမိုကောက်ခံမှုများရှိလာပြီး ယာဉ်စီးခပိုမိုကောက်ခံမှုကို YRTA သို့ တင်ပြ၍ ညှိနှိုင်းဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများမှာ စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် ယာဉ်လိုင်းပြေးဆွဲရန် ခက်ခဲလာတဲ့အတွက် သတ်မှတ်ယာဉ်စီးခ နှုန်းထက် ၂,ဝဝဝ နီးပါးအထိ ပိုမိုတောင်းခံနေကြောင်း သတင်းများထွက်ပေါ်နေလျှက်ရှိပါသည်။

"အဝေးပြေးလိုင်းတွေက ယာဉ်စီးခ ပိုကောက်ဖို့ တင်ပြထားတာတော့မရှိသေးဘူး။ အကယ်၍ ယာဉ်စီးခ ပိုကောက်မယ်ဆိုရင်လည်း အဝေးပြေး YRTA ကနေ အဆင့်ဆင့်တင်ပြရမယ်။ ဒီလိုတင်ပြလာရင်လည်း ညှိနှိုင်းဖြေရှင်းပေးတာတွေလုပ်သွားမှာပါ။ အခုထိ ဘယ်ယာဉ်လိုင်းက တိုးပြီးကောက်မယ်ဆိုတာတော့ တင်ပြတာမရှိသေးဘူး။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တစ်ရိပ်ရိပ် မြင့်တက်လာနေသောကြောင့် ခရီးသည်တင်အဝေးပြေးကားများ၊ ကုန်စည်ပို့ဆောင်နေသော ယာဉ်လိုင်းများ၊ အဌားယာဉ်တက္ကစီများမှာ ပြေးဆွဲမှုခက်ခဲလာပြီး ယာဉ်လိုင်းများပြေးဆွဲမှုရပ်ဆိုင်းခြင်းနှင့် ပြေးဆွဲသော ယာဉ်အစီးရေအား လျှော့၍ ပြေးဆွဲမှုများ ပြုလုပ်လာကြောင်းသိရသည်။

ပြည်တွင်းစက်သုံးဆီ ဈေးများမြင့်တက်လာမှုကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသည့် ရန်ကုန်-မန္တလေး-မူဆယ် ပြေးဆွဲနေသောရွှေချမ်းသာကုန်စည် ပို့ဆောင်ရေးယာဉ်လိုင်း ခတ္တရပ်နားထားရှိကြောင်း ယာဉ်လိုင်းလုပ်ကိုင်နေသည့် ရွှေချမ်းသာဒေါင်းမင်းကုမ္ပဏီက လူမူကွန်ရက်စာမျက်နှာတွင် များမကြာမီက သတင်းထုတ်ပြန်ထားရှိသည်။

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းမှာ စက်တင်ဘာလကစပြီး တစ်ရိပ်ရိပ်မြင့်တက်လာခဲ့ရာ အောက်တိန်း-92 တစ်လီတာလျှင် ၁,ဝ၂၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၁,ဝ၇၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁,ဝ၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁,ဝ၆၅ ကျပ်ဖြင့် ဈေးနှူန်းမြင့်တက်မှုရှိနေကြောင်း သိရသည်။

Transportation/Regulation

Author