အမြန်လမ်းတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော ကားအစီးရေ ၃သောင်း ကျော်အရေးယူခဲ့

0

Full article

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ပြီးခဲ့သည့် ၂ နှစ်နီးပါးကာလ (၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့) အထိ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် (၃၃,၃၁၉)စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက်မောင်းနှင်နေသော ယာဉ်များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေလျက်ရှိရာ ၂ဝ၁၆ ဇွန်လ ၁ ရက်နေ့မှ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်အထိ အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ဘဲမောင်းနှင်နေသော ယာဉ်အစီးရေ ၅,၃၅၂ စီးကိုလည်း ဖမ်းဆီးအရေးယူထားရှိပြီး ယာဉ်စည်းကမ်းမော်တော်ယာဉ်ဥပဒေအရ ထိရောက်သော ဒဏ်ငွေဖြင့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

" မိုးတွင်းဆိုပိုပြီးသတိထားမောင်းနှင်ကြဖို့လိုတယ်။ အခုနောက်ပိုင်းကားတွေကလည်းအရမ်းကောင်းလာတော့ အဲယားကွန်းဖွင့်ပြီး တံခါးတွေပိတ်ထားတော့ အရှိန်နှုန်းကများလို့များမှန်းမသိတော့ဘူး။ မိုးတွင်းက လမ်းချော်တာတို့၊ စလစ်ဖြစ်တာတွေအများဆုံးဖြစ်ကြတယ်။ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းရင်တော့ မော်တော်ယာဉ်ဥပဒေအတိုင်းအရေးယူမှာပါ။"ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလ ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၂ဝ၁ တွင် သတ်မှတ်အရှိန်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယဉ် (၁၆ )စီး၊ လှည်းကူးမြို့နယ်အမှတ် (၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် (၂)စီး ၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၈)စီး၊ ဖြူးမြို့နယ်ဖြူး ၁၁၅ တိုးဂိတ်၌ မော်တော်ယာဉ် (၄) စီး၊ စုစုပေါင်း အစီး ၃ဝ ကို ယာဉ်စည်းကမ်းတရားရုံးများတွင် တရားစွဲအရေးယူထားရှိကြောင်းသိရသည်။

Law Enforcement

Author