Full article

ရန်ကုန်၊ ဧပြီ ၂၂

အမြန်လမ်းမကြီးများဆိုင်ရာ ဥပဒေကို ပုဒ်မ ၂၈ ခုနှင့် အတည်ပြုထုတ်ပြန်လိုက်ပြီ ဖြစ်ကာ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်နှင့် ငွေကျပ်သိန်း နှစ်ဆယ်အထိ ပါဝင်ကြောင်း အဆိုပါဥပဒေပြဋ္ဌန်းချက်အရ သိရသည်.။

ဥပဒေတွင် အမြန်လမ်းမကြီးအတွက် စည်းကမ်းချက်နှင့် ကန့်သတ်ချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါဝင်ကာ စည်းကမ်းချက်များတွင် အမြန်လမ်းမကြီး၌ သတ်မှတ်မော်တော်ယာဉ်များသာ မောင်းနှင်ခွင့်ရှိခြင်း၊ သတ်မှတ်အမြန်နှုန်းအတိုင်းသာ မောင်းနှင်ခွင့်ရှိခြင်း၊ အမြန်လမ်းမကြီး၏ တစ်ဖက်မှ အခြားတစ်ဖက်သို့ ဖြတ်သန်းသွားလာရာတွင် သတ်မှတ်လမ်းကြောင်းအတိုင်းသာ သွားလာခွင့်ရှိခြင်းတို့ ပါဝင်သည်.။ တားမြစ်ချက်များတွင် အမြန်လမ်းမကြီးပေါ်၌ လမ်းလုပ်ငန်းဆောင်ရွက်သည့် လုပ်သားများ၊ တာဝန်ယူကြီးကြပ်သူများ၊ မောင်းနှင်ခွင့်ပြုထားသည့် မော်တော်ယာဉ်များ သွားလာခြင်းမှအပ မည်သူမျှ ခြေကျင်သွားခြင်း၊ စက်ဘီး (သို့) မော်တော်ဆိုင်ကယ်စီးနင်းသွားလာခြင်း၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်ဖြင့် သွားလာခြင်း၊ လှည်းနှင့် တိရစ္ဆာန်များအပါအဝင် အခြားတားမြစ်သည့် ယာဉ်များသွားလာခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် အမြန်လမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာခြင်း၊ နားနေခွင့်မရှိခြင်း၊ အမြန်လမ်းမကြီး၏ အင်္ဂါရပ်ကို ပျက်စီးစေခြင်း၊ ယာဉ်သွားလာမှုကို အဟန့်အတားဖြစ်စေခြင်းများ၊ လမ်းမကြီးကို အသုံးပြုသွားလာနေသော မော်တော်ယာဉ်များနှင့် စီးနင်းလိုက်ပါသူများကို အန္တရာယ်ဖြစ်စေခြင်း စသည့်အချက်များ သတ်မှတ်ထားကြောင်း သိရသည်.။

ပြစ်မှုနှင့် ပြစ်ဒဏ်များ၌ ပုဒ်မ ၁၄ ကို ကျူးလွန်ဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းမှ သုံးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ သတ်မှတ်ထားကာ ပုဒ်မ (၁၅) ကို ကျူးလွန်ဖောက်ဖျက်ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းမှ သိန်းနှစ်ဆယ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၁၆) ကိုကျူးလွန်ဖောက်ဖျက်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းမှ ကျပ်ဆယ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၁၇) ကို ကျူးလွန်ဖောက်ဖျက်ပါက ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည့်အပြင် အမြန်လမ်းမကြီးဆိုင်ရာ ပစ္စည်းပျက်စီးဆုံးရှုံးမှုရှိပါက ဆုံးရှုံးမှုတန်ဖိုးအတိုင်း ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်.။

အမြန်လမ်းမကြီး ဆိုင်ရာ ဥပဒေပြဋ္ဌန်းမှုက လမ်းမကြီးကို အသုံးပြုနေတဲ့သူတွေကို ဘေးအန္တရာယ် ကင်းရှင်းစေချင်တယ်၊ အမြန်လမ်းမကြီးကို အသုံးပြုပြီးတော့ ကုန်စည်စီးဆင်းမှုကိုလည်း မြန်ဆန်စေချင်တယ်၊ နိုင်ငံတကာနဲ့ပါ ကွန်ရက်ချိတ်ဆက်ပြီးတော့ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာပါ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်.။

ဥပဒေတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် အမြန်လမ်းမကြီးနယ်နိမိတ်နှင့် ဆက်စပ်ဧရိယာတွင် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်ရပ်နားစခန်းတွင် စက်ပြင်အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ နားနေခန်းနှင့် ယာဉ်ရပ်နားစခန်းနှင့်သက်ဆိုင်သည့် အဆောက်အအုံများကို တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်.။

သဥ္စာ (April 24, 2015 ထုတ် Automobile Journal မှ ကူးယူဖော်ပြသည်)

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author