သင်္ကြန်အတွင်း အဝေးပြေး ကားလက်မှတ်ပွဲစား ပြုလုပ်သူများမှ လက်မှတ်များ လိမ်လည် ရောင်းချမှုများရှိနေ၍ သတိပေးထား

0

Full article

သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့် ခရီးသွားပြည်သူများအား အဝေးပြေး ကားလက်မှတ်လိမ်လည် ရောင်းချသော သူများ နှစ်စဉ်ဖြစ်နေ၍ လက်မှတ်ပွဲစား ပြုလုပ်သူများကနေ မဝယ်ယူဘဲ တရားဝင်ယာဉ်လိုင်းများကသာ ဝယ်ယူကြပါရန် သတိပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးယာဉ်ရပ်နားစခန်းကသိရသည်။

သင်္ကြန်ကာလတွင် နေရပ်ပြန်မည့် ခရီးသည်များကို လက်မှတ်လိမ်လည်ရောင်းချမှုများ မနှစ်ကလည်း ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင် ကားလက်မှတ်ဝယ်ယူသူများအနေဖြင့် တရားဝင်ယာဉ်လိုင်းများကသာ ဝယ်ယူစီးနင်းကြပါရန် အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် သတိပေးဆိုင်းဘုတ်များ ဆိုက်ထူပြီး အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်တွင်းမှာ လက်မှတ်တွေ လိမ်ရောင်းတာတွေ မနှစ်ကလည်းဖြစ်ခဲ့တာရှိတယ်။ ဒီနှစ်မှာ လက်မှတ်ပွဲစားလုပ်တဲ့သူတွေဆီက မဝယ်ကြဖို့ အသိပေးတာတွေလုပ်သွားမယ်။ မြင်သာတဲ့နေရာမှာ ဆိုင်းဘုတ်တွေဆိုက်ထူထားမယ်။ လက်မှတ်လိမ်ရောင်းတာတွေကိုလည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာတွေလုပ်သွားမယ်။" ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးယာဉ်ရပ်နားစခန်းဝန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂ဝ၁၇ ခုနှစ် ဧပြီလ သင်္ကြန်အကြိုကာလတွင် အောင်မင်္ဂလာအဝေးပြေးဝင်းအနီးရှိ ယာဉ်လိုင်းအမည်ခံ လက်မှတ် ရောင်းသူများထံ လက်မှတ်ဝယ်ယူခဲ့သူ ၁၆၅ ဦးအထိရှိခဲ့ရာ ခရီးသည်များက တိုင်ကြားမှုများရှိခဲ့ပြီး ယာဉ်လိုင်းများထံအကူအညီတောင်း၍ စီးနင်းနိုင်ရန် လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အခြေပြုနေသည့် အဝေးပြေးခရီးသည်ယာဉ်လိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်ရောက်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းပေါင်း ၆၈ဝ ကျော်ခန့်ရှိရာ ယာဉ်အစီးရေ ၇ဝဝဝ ကျော်ဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးသို့ နေ့စဉ်ပြေးဆွဲပေးလျှက်ရှိနေကြောင်း သိရသည်။

Regulation

Author