SKD စနစ်အတွက် အကောက်ခွန်နှုန်းထားသတ်မှတ်ချက်နှင့် HS Code သတ်မှတ်ချက်မရှိဟု စီမံကိန်း၊ စက်မှုနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းပြောကြား

0

Full article

မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၇ အရ SKD စနစ်အတွက် အကောက်ခွန်နှုန်းထားသတ်မှတ်ချက်နှင့် HS Code သတ်မှတ်ချက်မရှိသလို နိုင်ငံတကာတွင်လည်း ထိုကဲ့သို့ သတ်မှတ်ထားခြင်းမတွေ့ရှိရကြောင်း စီမံကိန်း၊ စက်မှုနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၄ ခုရှိနေပြီး SKD - 1 စနစ်ဖြင့်ထုတ်လုပ်သောကုမ္ပဏီ ၅ ခု၊ SKD – 2 စနစ်ဖြင့်ထုတ်လုပ်သောကုမ္ပဏီ ၈ ခုနှင့် CKD စနစ်ဖြင့် ထုတ်လုပ်သောကုမ္ပဏီ ၁ ခုတို့ဖြစ်ကြောင်း၊ မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၇ အရ မော်တော်ယာဉ်များအတွက် CBU ၊ CKD နှင့် Parts များအတွက်သာ အကောက်ခွန်နှုန်းထား (Custom Duty) သတ်မှတ်ချက်များ၊ HS Code ရှိသော်လည်း SKD စနစ်အတွက် HS Code သတ်မှတ်ထားခြင်းမရှိသေးကြောင်း၊ နိုင်ငံတကာမှာလည်း သတ်မှတ်ထားမှုမတွေ့ရှိရကြောင်း၊ ထိုကဲ့သို့ သတ်မှတ်နိုင်ခြင်းမရှိသည့်အတွက် ပြည်တွင်း၌ ခွင့်ပြုလျက်ရှိသော မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုပုံစံ SKD စနစ်အတွက် အခွန်နှုန်းထားကို တင်သွင်းမှုအနေအထားပေါ်မူတည်ပြီး CUB Rate၊ CKD Rate၊ Parts Rate တို့ဖြင့် သတ်မှတ်ကောက်ခံလျက်ရှိသောအနေအထားဖြစ်ကြောင်း၊ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒအရ ကားဟောင်းအသုံးပြုမှုလျှော့ချခြင်း၊ ကားသစ်အသုံးပြုမှု မြှင့်တင်ခြင်း၊ Knock-Down စနစ်ဖြင့် ပြည်တွင်းထုတ်လုပ်မှုစတင်ခြင်း၊ ထို့နောက် CKD စနစ်သို့ အဆင့်ဆင့် ကူးပြောင်းဆောင်ရွက်ခြင်းများဖြင့် Automotive Industry ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီးဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ စက်မှုနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မောင်မောင်ဝင်းမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် SKD စနစ်တွင်အနည်းဆုံးပါဝင်ရမည့် အုပ်စု ၉ ခုကို ပြည်ထောင်စုအစိုးရအဖွဲ့စီးပွားရေးရာကော်မတီ၏ ၁၃/၂၀၁၅ ကြိမ်မြောက် အစည်းအဝေး၏ အတည်ပြုချက်ဖြင့်ထုတ်ပြန်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် အုပ်စု ၁၀ ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်‌‌‌ကြေညာစာအမှတ် ၈၅/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့သည်။

Author