Grab မှ အငှားယာဉ်များကို အချိန်မရွေး ဖုန်းဆက်ငှားရမ်းနိုင်မည့် GrabTaxiCall ဝန်ဆောင်မှုအသစ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

0

Full article

အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း offline-to-online (O2O) ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Grab ကနေပြီး အငှားယာဉ်များကို အချိ်န်မရွေး ဖုန်းဆက်ငှားရမ်းနိုင်မယ့် GrabTaxiCall ဝန်ဆောင်မှုအသစ် မိတ်ဆက်ပွဲအခမ်းအနားကို Crystal Tower မှာရှိတဲ့ Grab Myanmar ရုံးချုပ်မှာ ၂ဝ၁၉ ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ Grab Myanmar ရဲ့ country head ဖြစ်တဲ့ ဦးစိုးထိုက်ထွန်းက GrabTaxiCall ဝန်ဆောင်မှုနဲ့ ပတ်သက်ကာ ရှင်းလင်းပြောကြားခဲ့ပြီး ရုပ်သံအစီအစဉ်တင်ဆက်သူ ဆုမွန်နဲ့ မာမီဘလော့ဂါ ဂျက်ဆီကာမိုးဇက်တို့ကနေပြီး GrabTaxiCall အေးဂျင့်အဖြစ်နဲ့ Grab Taxi ငှားရမ်းပုံတွေကို သရုပ်ဖော်ဖြေကြားပြသခဲ့ပါတယ်။ GrabTaxiCall ဝန်ဆောင်မှုဟာ ယခုအခါ ရန်ကုန်မြို့မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး smart phone အသုံးပြုရာမှာ မကျွမ်းကျင်သူတွေ၊ အိမ်ရှင်မတွေ၊ လူကြီးသူမတွေနဲ့ လမ်းပေါ်ထွက်ပြီး ကားငှားဖို့ခက်အခဲရှိတဲ့သူတွေအတွက် grab ရဲ့ call centre ကနေတစ်ဆင့် ငှားရမ်းမှုတွေ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ grabTaxiCall ဝန်ဆောင်မှုဟာ Grab application ပုံစံမျိုး ကြိုတင်သိနိုင်မယ့် ပုံသေဈေးနှုန်းတွေ၊ ဘေးကင်းလုံခြုံစွာနဲ့ သက်သောင့်သက်သာ သွားလာနိုင်မယ့် လုပ်ဆောင်ချက်တွေကို ရရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ခရီးစဉ်အလိုက် ကြိုတင်စီစဉ်ထားလိုတဲ့ ခရီးသည်တွေအတွက်လည်း GrabTaxiCall ဝန်ဆောင်မှုနဲ့ အများဆုံး ၇ ရက်အထိ ကြိုတင်ငှားရမ်းနိုင်မှာပါ။ Grab ရဲ့ call centre ကို ဖုန်းခေါ်ဆိုငှားရမ်းမှုပြုလုပ်လိုပါက တာဝန်ရှိအေးဂျင့်ကနေပြီး ခရီးသည်ရဲ့အမည်၊ ဖုန်းနံပါတ်၊ လာကြိုရမယ့်နေရာနဲ့ ပို့ပေးရမယ့်နေရာတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။ ခရီးစဉ်ငှားရမ်းမှုကို အတည်ပြုပြီးနောက် Grab application ထဲမှာ ပြသထားတဲ့ ကျသင့်ငွေအတိုင်း ခရီးစဉ်အတွက် ပုံသေဈေးနှုန်းကို အကြောင်းကြားပေးသွားမှာဖြစ်ပြီး GrabTaxiCall နဲ့ငှားရမ်းတဲ့ခရီးစဉ်တိုင်းအတွက် ဝန်ဆောင်ခ ငွေကျပ် ၃ဝဝ ကိုပေါင်းထည့်ကောက်ခံသွားမှာပဲဖြစ်ပါတယ်။

Grab ဟာ အရှေ့တောင်အာရှမှာ အများဆုံးအသုံးပြုနေတဲ့ mobile ပလက်ဖောင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာလည်း Grab ဟာ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနဲ့ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ ဝန်ဆောင်မှုပေးနေကြောင်းလည်းသိရပါတယ်။

Zing

Author