Grab သည် နည်းပညာဖြင့်အကျိုးပြုနိုင်ရန် ၂၀၂၅ ခုနှစ်အထိ ရည်မှန်းချက်ပန်းတိုင်များချမှတ်

0

Full article

Grab သည် “Grab for Good” အစီအစဥ်ကို ၂၀၂၅ ခုနှစ်အထိ ရည်မှန်းဖော်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါအစီအစဥ်တွင် Microsoft နှင့်ပူးပေါင်းဆောင်ရွက်မည့် “Tech for Good” အစီအစဥ်၊ နားမကြားသူများနှင့်အကြားအာရုံချို့တဲ့နေသူများအတွက် “Break the Silence” လှုပ်ရှားမှုတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Grab သည် အရှေ့တောင်အာရှနိုင်ငံသားများအတွက် ဒစ်ဂျစ်တယ်စီးပွားရေးမှ အခွင့်အလမ်းများပိုမိုရရှိစေရေး အထောက်အကူဖြစ်ပေးရန်နှင့် အရည်အသွေးမြှင့်တင်ပေးရန်အတွက် “Grab for Good” အစီအစဥ်ကို ၂၀၂၅ ခုနှစ်အထိ ရည်မှန်းဖော်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါအစီအစဥ်တွင် Microsoft နှင့်ပူးပေါင်းဆောင်ရွက်မည့် “Tech for Good” ( နည်းပညာပိုင်းအထောက်အကူပြုလုပ်ဆောင်မှု) သည် အရှေ့တောင်အာရှဒေသအတွင်း နည်းပညာအသုံးချနိုင်မှုဆိုင်ရာစွမ်းရည်ကွာဟမှုများကို ပူးပေါင်းပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် နားမကြားသူများနှင့် အကြားအာရုံချို့တဲ့နေသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် ဒေသလုံးဆိုင်ရာ “Break the Silence” လှုပ်ရှားမှုလည်း ပါဝင်မည်ဖြစ်သည်။ Grab နှင့် Microsoft ပူးပေါင်းကာ ဒစ်ဂျစ်တယ်သိနားလည်မှုစွမ်းရည်ကွာဟနေမှုများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။ ထိုလုပ်ငန်းစဥ်အတွက် အရှေ့တောင်အာရှတစ်ခွင် တက္ကသိုလ်ကျောင်းများအကြား နည်းပညာကျွမ်းကျင်သူများမွေးထုတ်ပေးခြင်း၊ မိတ်ဖက်ယာဥ်မောင်းများနှင့် ၄င်းတို့၏မိသားစုဝင်များ၏ ဒစ်ဂျစ်တယ်အသုံးချမှုစွမ်းရည်များမြှင့်တင်ပေးခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်အတွင်းရပ်တည်ရှင်သန်နိုင်အောင် ပံ့ပိုးပေးခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Generation ၏  You Employed အစီအစဥ်မှ ကူညီပံ့ပိုးမှုဖြင့် မိတ်ဖက်ယာဥ်မောင်းများအတွက် နည်းပညာအသုံးချအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် လမ်းကြောင်းတစ်ခုဖန်တီးပေးခြင်း တို့ပါဝင်မည်ဖြစ်သည်။ ထို့အပြင် “Break the Silence” အစီအစဥ်တွင်လည်း လက်ရှိ ရှိနေသည့် အကြားအာရုံချို့တဲ့သူမိတ်ဖက်ယာဥ်မောင်း ၅၀၀ ကျော်မှ လာမည့်နှစ်တွင် နှစ်ဆတိုးသွားရန် ရည်ရွယ်ထားပြီး Grab ယာဥ်မောင်းများနှင့် ခရီးသည်များ အလွယ်တကူ ဆက်သွယ်နိုင်ရန် သီးသန့်ထည့်သွင်းပေးထားသော Live Chat လုပ်ဆောင်မှုအဆင့်မြှင့်တင်မှုနှင့် လုပ်ဆောင်ချက်အသစ်များကို Grab Application တွင်ထပ်မံထည့်သွင်းပေးသွားမည့်အပြင် အကြားအာရုံချို့တဲ့သူအသိုင်းအဝိုင်းနှင့် ဆက်သွယ်နိုင်ရန်သင်ကြားပေးသည့် လက်ဟန်ခြေဟန်များအားအဓိပ္ပါယ်ဖွင့်ဆိုသည့် အဘိဓါန် (Sign Dictionary) ကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်သည်။


Grab သည် အရှေ့တောင်အာရှ ၈ နိုင်ငံတွင် ဒေသတွင်း အငှားဝန်ဆောင်မှုအမျိုးအစားအများဆုံးကို ဝန်ဆောင်မှုပေးနေပြီး အစားအသောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းငွေပေးချေစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို မြို့ပေါင်း ၃၃၉ မြို့တွင် ပေးအပ်လျက်ရှိကြောင်းသိရသည်။

Author