အရှေ့တောင်အာရှ ဒေသအတွင်း Grab တက္ကစီကို စီးနင်မှုအကြိမ်ရေ ၁ ဘီလီယံ ပြည့်ခဲ့

0

Full article

အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab က အရှေ့တောင်အာရှနိုင်ငံတစ်ဝန်း Grab ငှားရမ်းစီးနင်းကြိမ်ပေါင်း ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

Grab ၏ Co-Founder နှင့် CEO ဖြစ်သူ Anthony Tan က "ဒီရလဒ်ဟာ ကျွန်တော်တို့ Grab လုပ်ငန်းတွေရဲ့ အင်အားကိုပြသနိုင်မယ့် အကောင်းဆုံးသက်သေဖြစ်သလို အခုလို အချိန်တိုအတွင်းမှာ သိသိသာသာ တိုးတက်လာတာဟာ ကျွန်တော်တို့ဝန်ထမ်းတွေက ဝန်ဆောင်မှုကောင်းကောင်းရအောင် အမြဲ ပေးအပ်နိုင်ခဲ့တာကြောင့်တင်မကပါဘူး။ ခေတ်မီ ဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးချပြီး လူနေမှုဘဝတွေကို ပြောင်းလဲပေးနိုင်ခဲ့တာတွေ၊ ဒေသတွင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တာတွေ၊ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်ကြံဆပြီး လုပ်ငန်းတိုးတက်အောင် လုပ်ဆောင်ခဲ့တာတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ဒီလိုကြီးမားလှတဲ့ အောင်မြင်တိုးတက်မှုကြီးကို ပြည့်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရည်အချင်းပြည့်ဝတဲ့ Grab အဖွဲ့သားတွေနဲ့အတူ မိတ်ဖက်အငှားယာဉ်မောင်းတွေ၊ ခရီးသည်တွေ၊ မိတ်ဖက်လုပ်ငန်းတွေနဲ့ ရင်နှီးမြုပ်နှံသူတွေအပါအဝင် အားလုံးရဲ့ အားပေးထောက်ပံ့မှုတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

"နောက်ထပ် ငှားရမ်းစီးနင်းကြိမ်ရေပေါင်း ၁ ဘီလီယံရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ အခုထက်ပိုပြီး သေသေချာချာ ကြိုးပမ်းသွား ပါမယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို အကောင်းဆုံး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့လည်း မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိုဘိုင်းငွေပေးချေမှုစနစ်ရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းအဖြစ် GrabPay နဲ့ အရှေ့တောင်အာရှမှာရှိတဲ့လူတိုင်း သယ်ယူပို့ဆောင်ရေးအတွက်တင်မကပဲ ငွေကြေးဝန်ဆောင်မှုတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို လက်လှမ်းမီနိုင်အောင် ဆောင်ရွက်သွားမှာပါ။ မကြာခင်အချိန်မှာပဲ ကျွန်တော်တို့ရဲ့ GrabPay ဝန်ဆောင်မှုအကြိမ်ရေ ၁ ဘီလီယံ ပြည့်မြောက်အောင် ဆောင်ရွက်သွားပါမယ်"

မကြာသေးမီက Grab ၏ Chief Technology Officer အဖြစ် Theo Vassilakis ကို ခန့်အပ်ခဲ့ပြီး ယခုနှစ်အစောပိုင်းတွင်လည်း Grab က ၄င်း၏ လေ့လာဆန်းသစ်မှုစင်တာ ၃ ခုမှ ၆ ခုအဖြစ် နှစ်ဆတိုးမြှင့်ကာ အိန္ဒိယနိုင်ငံ ဘင်္ဂလား၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် စင်တာအသစ်များ ထပ်မံဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ယခုအခါ Grab သည် ကိုယ်ပိုင်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် အငှားကားဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံပေါင်း ၇ နိုင်ငံရှိ မြို့ပေါင်း ၁၄၂ မြို့တွင် လုပ်ကိုင်လျက်ရှိပြီး အရှေ့တောင်အာရှတွင် ခရီးသည် ၃ ဦးလျှင် တစ်ဦးမှာ Grab မှ ဝန်ဆောင်မှုအမျိုးမျိုးကို အသုံးပြုလျှက်ရှိကြောင်းသိရသည်။

Grab သည် မြန်မာနိုင်ငံသို့ ၂ဝ၁၇ မတ် ၂၁ တွင် စတင်ဝင်ရောက်ခဲ့ပြီး လူပေါင်းများစွာ ဌားရမ်းစီးနင်းကြသည့် တက္ကစီ လုပ်ငန်းဖြစ်သည်။

Author