Grab နှင့် နိုင်ငံတော်ပိုင်အာမခံကုမ္ပဏီ မြန်မာ့အာမခံတို့ပူးပေါင်းကာ ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံပေးအပ်သွားမည်

0

Full article

Grab ကနေပြီး GrabTaxi ၊ GrabThoneBane ဒါမှမဟုတ် GrabBike ခရီးစဉ် တစ်ခုအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားပါက ယာဉ်မောင်းနဲ့ ခရီးသည်တွေအားလုံး အကျိုးခံစားခွင့်ရရှိနိုင်မယ့် စုပေါင်းတစ်ကိုယ်ရေထိခိုက်မှုအာမခံ (PAI) ကို နိုင်ငံတော်ပိုင်အာမခံကုမ္ပဏီ ဖြစ်တဲ့ မြန်မာ့အာမခံလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Grab ရဲ့ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံပေါ်လစီအရ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ အတွက် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် နစ်နာကြေး ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး အဲဒီ အာမခံမှာ ယာဉ်မောင်း ဒါမှမဟုတ် ခရီးသည်တစ်ဦးလျှင် စုစုပေါင်း တစ်ကိုယ်ရေထိခိုက်မှုအာမခံ နစ်နာကြေး အမေရိကန်ဒေါ်လာ ၇,၅ဝဝ အထိ ရရှိနိုင်မှာပါလို့ ဆိုထားပါတယ်။

Grab ခရီးစဉ်တစ်ခုအတွင်း ယာဉ်မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကနေပြီး Grab ရဲ့ 24/7 hotline ဖုန်းနံပါတ်နဲ့ နီးစပ်ရာရဲစခန်းကို ချက်ချင်းဆက်သွယ်အကြောင်းကြားပေးသွားရမှာဖြစ်သလို လိုအပ်တဲ့ စာရွက်စာတမ်းတွေဖြစ်တဲ့ လျှောက်လွှာ၊ ဆေးမှတ်တမ်း၊ ဆေးရုံ/ဆေးပေးခန်းရဲ့ စုစုပေါင်း ကျသင့်ငွေ ပြေစာမူရင်း၊ ဆေးစစ်ချက်အဖြေတွေ (ရှိခဲ့ပါက)၊ ရဲစစ်ချက်/ယာဉ်တိုက်မှုဖြစ်စဉ်စစ်ချက်နဲ့ Grab အသုံးပြုပြီး ငှားရမ်းထားတဲ့ အထောက်အထား စတာတွေကို စုစည်းပေးရမှာဖြစ်ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေကို မြန်မာ့အာမခံလုပ်ငန်းနဲ့ Chubb တို့ကနေ စစ်ဆေးအတည်ပြုပြီး နစ်နာကြေး တောင်းခံနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာပါ။ နစ်နာကြေးပမာဏကို ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုချင်းစီအလိုက် မြန်မာ့အာမခံလုပ်ငန်းကနေ အခြေအနေအရပ်ရပ်ကို အကဲဖြတ် သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ နစ်နာကြေး ပမာဏ အတည်ပြုပြီးပြီဆိုရင် အဲဒီ ငွေကြေးပမာဏကို Grab Myanmar ကနေပြီး နစ်နာသူကိုထုတ်ပေးသွားမှာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းကဏ္ဍဟာ နိုင်ငံ့ GDP ဝေစုရဲ့ ဝ.ဝ၇ ရာခိုင်နှုန်းသာရှိနေပြီး အာမခံလုပ်ငန်း သိပ်သည်းဆမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ နီးပါးသာရှိတဲ့အတွက် နိုင်ငံအတွင်း အာမခံလုပ်ငန်း ပြန့်နှံ့ထိုးဖောက်နိုင်မှုမှာ အလွန်အားနည်းလျက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရှိ လမ်းမတွေထက်မှာ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုနှုန်းတွေ မြင့်တက်နိုင်ခြေရှိနေသည့်တိုင် လူဦးရေ ၁,ဝဝဝ မှာ ၈၆ ဦးသာ အာမခံထားကြကြောင်းတွေ့ရှိထားပါတယ်။

Zing

Author