မော်တော်ယာဉ်များရောင်းချရာတွင် အဟောင်း ဖြစ်စေ၊အသစ်ဖြစ်စေ အရောင်းပြခန်း၊အရောင်းစင်တာများတွင်သာရောင်းချသင့်ကြောင်းမြို့တော်ဝန်ဆို

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မော်တော်ယာဉ်များ လာရောက်ရောင်းဝယ်နိုင်သော အများနှင့် သက်ဆိုင်သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးနေရာများ ဖွင့်လှစ်ဆောင်ရွက်ပေး နိုင်ခြင်းမရှိ ကြောင်းနှင့် မော်တော်ယာဉ်များရောင်းချရာတွင် အဟောင်းဖြစ်စေ၊အသစ်ဖြစ်စေ အရောင်းပြခန်း၊အရောင်းစင်တာများတွင်သာရောင်းချသင့်ကြောင်းမြို့တော်ဝန်ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောဆိုသွားခဲ့သည်။

"ကားပွဲစားများ အချို့ကလဲ မော်တော်ယာဉ်(၁)စီး၊ (၂)စီး ပိုင်ဆိုင်ပြီး အရောင်း အဝယ်ပြုလုပ်တာ မဟုတ်ဘဲ မော်တော်ယာဉ်အစီးရေ (၂ဝ) (၃ဝ)ကျော်ခန့် ပိုင်ဆိုင်ပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများမှာ အဆိုပါ မော်တော်ယာဉ်များကို ဝင်ရောက်ရပ်နားထားပါတယ် ။ မော်တော်ယာဉ်ရောင်းချသူတွေအနေနဲ့ ယာဉ်ဟောင်းရောင်းချသည်ဖြစ်စေ၊ အသုံးပြုပြီးယာဉ်များ ရောင်းချသည် ဖြစ်စေ၊ ယာဉ်အသစ်များ ရောင်းချသည်ဖြစ်စေ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အရောင်းပြခန်းများ၊ အရောင်း စင်တာများမှာ ရောင်းချရင် ပိုပြီးသင့်လျော်ပါတယ် "ဟု မြို့တော်ဝန်ကပြောဆိုခဲ့
ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်များ လာရောက်ရောင်းဝယ်နိုင်သော အများနှင့် သက်ဆိုင်သည့် မော်တော်ယာဉ် ရောင်းဝယ်ရေးနေရာများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးခွန်းနှင့် လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း သင့်လျော်သောနေရာတွင် ကောင်းမွန်ပြည့်စုံသော ယာဉ်ရောင်း ဝယ်ရေးစခန်းကြီးတစ်ခု ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို ဇွန်လ ၁၂ ရက် ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အစည်းအဝေးတွင်မေးမြန်းမှုများကို မြို့တော်ဝန်က အထက်ပါအတိုင်းထည့်သွင်းပြောဆိုသွားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိတွင် လှိုင်ယာဉ်ရောင်းဝယ် ရေးစခန်း နှင့်သံသုမာယာဉ်ရောင်းဝယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း၊ဟံသာဝတီ ရောင်းဝယ်ရေး စခန်းမှ ပြောင်းရွှေ့စဉ်က ယင်းစခန်းတွင် မော်တော်ယာဉ် စီးရေ (၈ဝဝ)ခန့်သာ ရှိသော်လည်း လက်ရှိအချိန်၌ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ပျမ်းမျှယာဉ်စီးရေ (၁၂ဝဝ)ခန့်၊ သံသုမာယာဉ် ရောင်းဝယ်ရေးစခန်းတွင် ပျမ်းမျှယာဉ်စီးရေ (၁၂ဝ မှ ၁၅ဝ)ခန့် နေ့စဉ်ဝင်ရောက်ရပ်နား ရောင်းဝယ် ပြုလုပ်နေသဖြင့် ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းများသည် လျော့နည်းသွားခြင်းမရှိဘဲ တိုးပွားလာကြောင်း မြို့တော်ဝန်က ပြောဆိုသွားခဲ့ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ယနေ့ အချိန်အထိ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း မော်တော်ယာဉ်အရောင်းပြခန်း(၁၅၁)ခု၊ ယာဉ်သိုလှောင်ခြင်း လုပ်ငန်းလိုင်စင် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ယာဉ်ရောင်းဝယ်ရေးစခန်းတစ်ခုပြုလုပ်ရန် မြေနေရာ အလုံအလောက်မရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း သင့်လျော်သောနေရာတွင် ကောင်းမွန်ပြည့်စုံသော ယာဉ်ရောင်းဝယ်ရေးစခန်းကြီး တစ်ခုဖြစ်ပေါ်လာ အောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိကြောင်းလည်း မြို့တော်ဝန်က ပြောဆိုသည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက တစ်နိုင်တစ်ပိုင်ယာဉ်ရောင်းဝယ်ခွင့် တင်ပြလာ သည့်အခါ ခွင့်ပြုနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း၊ တရားဝင်ဖွင့်လှစ်ရောင်းချသော ယာဉ်ရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း၊ အရောင်းပြခန်းကြီးများဖြင့် ရောင်းချသော မော်တော်ယာဉ်များအပြင် တန်ဖိုးနည်းယာဉ်များဝယ်ယူစီးနင်းနိုင်မည်ပြည်သူများ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းရာမြို့တော်ဝန်ကြီးက တစ်နိုင်တစ်ပိုင်ရောင်းဝယ်ရေးလုပ်ငန်း ကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း၊ မည်သို့ပင်ရောင်းဝယ်သည်ဖြစ်စေ စနစ်တကျဖြင့် အခွန်ပေးဆောင်သော ရောင်းဝယ်ဖောက်ကားမှုကိုသာဦးတည်မည်ဖြစ်ကြောင်း ပြောဆိုထားရှိကြောင်း သိရသည်။

Policy

Author