ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း ဆိုင်ကယ်စီးနင်းဖမ်းဆီးမှုမှ သိန်း ၁၂ဝဝ နီးပါးခန့် ဒဏ်ရိုက်အရေးယူဆောင်ရွက်ခဲ့

0

Full article

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မပြုထားသော နေရာများတွင် ခွင့်ပြုချက်မရပဲ စီးနှင်းနေသည့်ဆိုင်ကယ်များကို အရေးယူဖမ်းဆီးခဲ့ရာတွင် သိန်း၁၂ဝဝ နီးပါးခန့် ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက အောက်တိုဘာ ၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း showroom ကြီးများနှင့် ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အသစ်အရောင်းဆိုင်များ ၊ တစ်ပတ်နွမ်း မော်တော်ဆိုင်ကယ်အရောင်းဆိုင်များကို မည်သည့် ခွင့်ပြုချက်များဖြင့် ခွင့်ပြုပေးသည်ကို သိရှိလိုပါကြောင်း ဗဟန်းမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က အောက်တိုဘာ ၁ ရက်ကပြုလုပ်သည့် ဒုတိယ အကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ မေးမြန်းမူကို မြို့တော်ဝန်က ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့် ဆိတ်ကြီးခနောင်မြို့နယ်နှင့်ဒလမြို့နယ်အနက်မှ ဒလမြို့နယ်တွင် မော်တော်ဆိုင်ကယ် အရောင်းဆိုင် ၂ ဆိုင်ကို လိုင်စင်ခွင့်ပြုချက် ပေးထားပြီး ခွင့်ပြုထားသော လိုင်စင်ဖြင့် ရောင်းချသောပစ္စည်း ကွဲပြားမူမရှိစေရေးအတွက် ကြပ်မတ် ဆောင်ရွက်နေကြောင်း ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအဖွဲ့၏ အမိန့် ထုတ်ပြန်ချက်များနှင့် အညီကော်မတီများ၏ နယ်နိမိတ်မြို့နယ်များအတွင်း ဒလမြို့နယ် ၊ဆိတ်ကြီးခနောင်တိုမြို့နယ်မှအပကျန်မြို့နယ်များအတွင်း ဆိုင်ကယ်အရောင်းဆိုင် အပိုပစ္စည်း ဆို်င်များကို လိုင်စင်ခွင့်ပြုထားခြင်းမရှိကြောင်းလည်း မြို့တော်ဝန်က ပြောဆိုသည်။

"ကုန်စုံဆိုင်လိုင်စင်နဲ့ တခြားရောင်းချခွင့် လိုင်စင်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေတော့ရှိပါတယ်။စီစစ်ပြီးတော့ ကြပ်မတ်ဆောင်ရွက်နေပါတယ်။ များသောအားဖြင့် တော့ ဆိုင်ကယ်ပစ္စည်းရောင်းချခွင့် ဆိုတာကို လည်းပြန်လည်စမ်းစစ်ဖို့လိုပါတယ်။ စမ်းစစ်တဲ့နေရာမှာ ဆိုင်ပေါ်ရောင်းချတဲ့ပစ္စည်းက တရားဝင် ပစ္စည်းလား ရောင်းချခွင့်ရှိ၊ မရှိ ပစ္စည်းလားဆိုတာ စမ်းစစ်ပါတယ် ။ နိုင်ငံခြားကမှ တင်သွင်းလာတဲ့ ပစ္စည်းက တင်ပို့လိုင်စင်နဲ့မို့လို့ သက်ဆိုင်ရာ အကောက်ခွန်များပေးထားခြင်းရှိ၊ မရှိ ဆိုတဲ့ အချက်တွေကိုလည်းစစ်ဆေးပါတယ် ။စည်ပင်သာယာအနေနဲ့ကတော့ ရန်ကုန်မြို့ထဲမှာ စက်နဲ့ယာဉ်နဲ့ အပိုပစ္စည်း အရောင်းဆိုင်ဆိုလို့ နံသာကုန်းမှာ စက်ဘီးပစ္စည်းရောင်းဝယ်ခွင့်ဆိုတဲ့ဆိုင်ခွင့်ပေးထားတယ် ။ဘုရင့်နောင်၊တာမွေ၊လှိုင်သာယာမှာလဲ စက်ယာဉ်အပိုအရောင်းဆိုင်တွေ ရှိပါတယ်။ ဒါတွေကိုလည်း ပြန်လည် စမ်းစစ်ဖို့လိုပါတယ်။ လုပ်ငန်းတွေနဲ့ ခွင့်ပြုချက်လုပ်ငန်းသာ ပေးထားခြင်းဖြစ်ပါတယ်။ သို့သော် ရောင်းချတဲ့ပစ္စည်းက တရားဝင်လား၊ တရားမဝင်ဘူးလား ဆိုတာကို သက်ဆိုင်ဌာနကနေပြီးတော့ စမ်းစစ်လုပ်ကိုင်ရမှဖြစ်ပါတယ် "ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားသွားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းဆိုင်ကယ်စီးနင်းခွင့်ပြုချက်မရဘဲ ဆိုင်ကယ်စီးနင်းခဲ့၍ တရားစွဲဆိုခဲ့ရာတွင် ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၈ ကြားကာလ ၆လ အတွင်းထိ အမှုပေါင်း ၂၂၆၅ မှုရှိပြီး ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းဆိုင်ကယ်စီးနင်းခွင့်အား မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ ကျောက်တန်း၊ သန်လျင်၊ ကော့မှူး၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ ကိုကိုးကျွန်းနှင့် တိုက်ကြီး စသည့် မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့်(၁၄)မြို့နယ်မှ အပကျန် ခွင့်မပြုသည့် မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေကျပ် တစ်သိန်းချမှတ် အရေးယူသွားမည် ဖြစ်ပြီး ဆိုင်ကယ်မှာ လိုင်စင်မဲ့ဖြစ်ပါက သွင်းကုန်ထုတ်ကုန် ဥပဒေအရ ဆိုင်ကယ်ကိုပါ သိမ်းဆည်း အရေးယူသွားမည် လည်းဖြစ်ကြောင်း သိရသည်။

Law Enforcement, Transportation

Author