ကုန်သေတ္တာယာဉ်များ သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာယာဉ်များ သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ပြောကြားသွားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲသွားလာလျက်ရှိသော ကုန်တင်ယာဉ်များ၊ တွဲကားများနှင့် ကွန်တင်နာကားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ချိန်တစ်ခုထုတ်ပြန်ပြီး ပြေးဆွဲစေခဲ့ခြင်းနှင့်ပတ်သက်၍ မူလထုတ်ပြန်ထားသော ညွှန်ကြားချက်မှာ အသက်ဝင်လျက် ရှိပါသေးသလား၊ အသက်ဝင်လျက်ရှိသည်ဆိုပါက မည်သည့်အတွက်ကြောင့် အရေးယူဆောင်ရွက်မှု မရှိရပါသနည်း၊ အသက်ဝင်ခြင်းမရှိတော့ပြီဆိုပါက မည်သည့်အတွက်ကြောင့် အသက်မဝင်တော့ သည်ကို အများပြည်သူသိရှိရန် ဖြေကြားပေးစေလိုပါကြောင်း၊ အဆိုပါယာဉ်များ မောင်းနှင်ပြေးဆွဲခြင်း ကို အများပြည်သူလူထု အနှောင့်အယှက် မဖြစ်စေနိုင်မည့် သင့်တော်သော အချိန်ကာလတစ်ခု အမြန်ဆုံးသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို အောက်တိုဘာ ၄ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ မေးမြန်းခဲ့မှုအပေါ် ဝန်ကြီးကဖြေကြားခဲ့တာဖြစ်ပါသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုလျော့ချနိုင်ရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်များအား ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ(၇)ရက် မှစ၍ ယာဉ်+ကုန် (၉)တန်၊ ဝင်ရိုး (၂)ချောင်း၊ (၆)ဘီး အထက်ယာဉ်များအား ည ၉ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအထိ မောင်းနှင်ခွင့်ပြုရန်၊ မဟာဗန္ဓုလတံတား၊ ရှုခင်းသာလမ်း၊ ရတနာလမ်း၊ မောင်းမကန်လမ်း၊ ပဲခူးမြစ်လမ်း၊ အမှတ်(၂)သန်လျင်တံတား၊ ရွှေပြည်သာ လှိုင်သာယာမှလာသော ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများအတွက် သုဓမ္မာလမ်း၊ ဗိုလ်မှူးဗထူးလမ်း၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂)လမ်း၊ မောင်းမကန်လမ်းတို့အား နေ့အချိန်(၁)နာရီမှ (၃)နာရီအတွင်း ဖြတ်သန်းမောင်းနှင်ရန် ၊ ဘုရင့်နောင်လမ်းနှင့် ကမ်းနားလမ်းတို့တွင် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းနှင့် ပုလဲလမ်းဆုံမှ မြို့တွင်း ကုန်သေတ္တာယာဉ်ဝင်းများသို့ နေ့လည် ၁၁ နာရီအချိန်မှ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး ၁၂ ခွဲ နာရီနောက်ဆုံး ထွက်ခွာရန်နှင့် ကမ်းနားကွန်ကရစ်လမ်း၊ ဟုန်းလမ်းထိပ်မှ နေ့လည် ၁ နာရီယာဉ်တန်းဖြင့် ထွက်ခွာပြီး ၂ နာရီ နောက်ဆုံးထွက်ခွာရန် ဆောင်ရွက်ထားကြောင်းသိရသည်။

"သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ်ဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်သွားမှာပါ။ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကုန်သေတ္တာယာဉ်အသင်းမှ တာဝန်ရှိသူများနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေပါတယ် "ဟုရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။

သီလဝါဆိပ်ကမ်းအနီးတွင် ကုန်တင်ယာဉ်များ၊ ကုန်သေတ္တာယာဉ်များ စည်းကမ်းတကျ ရပ်နားနိုင်မည့် ယာဉ်ရပ်နားဝန်း တည်ဆောက်ရန် ကုန်သေတ္တာယာဉ်အသင်းနှင့် ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

Transportation

Author