Google Maps မှာ ပြတဲ့ ယာဉ်ကြောချောင်ချောင်ကို ကျပ်အောင်လုပ်ကြမယ်

0

Full article

Google Maps ဆိုတာက အားလုံးသိကြတဲ့အတိုင်း ဒီနေ့ခေတ် မော်တော်ယာဉ်မောင်းနှင်သူအများအပြား အားထားအသုံးပြုနေကြတဲ့ Google ရဲ့ app တစ်ခုဖြစ်ပါတယ်။​ ကိုယ်သွားလိုတဲ့ နေရာကိုညွှန်ပြစေလိုတာပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်လမ်းကြောမှာ ယာဉ်ကြော ကျပ်/မကျပ်၊ ချောင်/မချောင် ကြည့်လိုတာကိုပဲဖြစ်ဖြစ် အသုံးပြုလေ့ရှိကြတယ်။ တကယ်လို့ ကိုယ်သွားမယ့်နေရာကို အချောင်ဆုံးယာဉ်ကြောက သွားချင်တယ်ဆိုရင်လည်း Google Maps ကိုပဲညွှန်ပြခိုင်းလို့ရပါသေးတယ်။ App က သွားလိုတဲ့နေရာအတွက် အချောင်ဆုံးယာဉ်ကြောကိုရွေးချယ် ညွှန်ပြပေးသွားတာ အားလုံးအသိပါပဲ။

ဒါပေမဲ့…

ယာဉ်လမ်းကြော ကျပ်/မကျပ်၊ ချောင်/မချောင်ဆိုတာကို Google က ဘယ်အချက်အလက်ကို အခြေခံပြီး ပြသပေးတာပါလဲ။

အခု ဆောင်းပါးမှာတော့ ချောင်နေတဲ့ အစိမ်းရောင်လမ်းကြောတစ်ခုကို ကျပ်ပိတ်နေတဲ့ အနီရောင်အဖြစ် ပြောင်းလဲဖို့ အဲဒီလမ်းပေါ် လျှောက်လှမ်းနေတဲ့ လူတစ်ဦးပဲလိုခဲ့ပါတယ်။ ဘယ်လိုလုပ်မလဲ။

ဒီလိုမျိုး Google Maps ရဲ့ပြသမှုကို လွဲချော်စေဖို့ လူတစ်ယောက်နဲ့ smartphones တွေအများကြီးထည့်လို့ရတဲ့ လေးဘီးတပ်လှည်းငယ်လေးတစ်စီးပဲလိုပါတယ်။ ဒီလို လုပ်ပြခဲ့သူကတော့ Berlin မြို့က အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Simon Weckert ဖြစ်ပါတယ်။​ သူကတော့ Google Maps ဖွင့်ထားတဲ့ smartphone ကိုးဆယ့်ကိုးလုံးထည့် လေးဘီးတပ်လှည်းငယ်လေးကိုဆွဲပြီး ရှင်းလင်းတဲ့လမ်းကြောမှာ လမ်းလျှောက်ပြခဲ့တာပါ။ သူလမ်းလျှောက်တဲ့ လမ်းဝန်းကျင်တစ်လျှောက် Google Maps ရဲ့ပြသမှုဟာ ကားများစွာပိတ်နေတဲ့ပုံစံမျိုး အနီရောင်လိုင်းတွေနဲ့ ဖြစ်နေခဲ့တော့တာပါပဲ။ အမှန်တကယ်လမ်းပေါ်မှာတော့ သူ့အပြင် ကားတစ်စီးစ နှစ်စီးစသာရှိခဲ့တာဖြစ်ပါတယ်။

တကယ်တော့ Google Maps ဟာ လမ်းပေါ်မှာ အမှန်တကယ်ရှိနေတဲ့ ယာဉ်အရေအတွက်ကို တွက်ချက်တာမဟုတ်ဘဲ လမ်းပေါ်မှာ Google Maps အသုံးပြုထားတဲ့ ဖုန်းအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာကိုပဲ တွက်ချက်ပြီး ပြသပေးတယ်ဆိုတာကို Simon Weckert ရဲ့ video ကသက်သေပြသွားနိုင်ခဲ့ပါတယ်။

Google ဟာ ယာဉ်လမ်းကြောအခြေအနေကိုသိရဖို့အတွက် သက်ဆိုင်ရာ အစိုးရ ဒါမှမဟုတ် smartphone အသုံးပြုသူတွေထံကနေ အချက်အလက်တွေကို ရယူပြီး Google Maps မှာ ပြန်လည်ပြသပေးတာလည်းဖြစ်ပါတယ်။​ ဒါကို အခွင့်ကောင်းယူပြီး Simon က စတန့်လုပ်ပြခဲ့တာပါ။

REF: Artist Shows Google Maps' Control over Our Lives by Creating a Fake Traffic Jam by Roberto Baldwin

Author