ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ယခု ဈေးနှုန်းထက် ထပ်မံမြင့်တက်လာနိုင်

0

Full article

လတ်တစ်လော ဖြစ်ပေါ်နေသော ပြည်တွင်းရောင်းချနေသည့် စက်သုံးဆီဈေးနှုန်းမှာ နိုင်ငံတကာ စက်သုံးဆီဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနည်းနေခြင်းကြောင့် ယခုရောင်းချပေးနေသော ဈေးနှုန်းများထက် ထပ်မံမြင့်တက် လာနိုင်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းထံကနေ သိရသည်။

ပြည်တွင်းတွင် ရောင်းချပေးနေသည့် စက်သုံးဆီများကို ဈေးနှုန်းသတ်မှတ်ရောင်းချပေးရာတွင် ပြည်တွင်း ရှိဆီလက် ကျန်ပမာဏ ၊ ပြည်ပမှ တင်သွင်းဝယ်ယူရောင်းချရသည့်အတွက် ဆိပ်ကမ်းအရောက် CIF တန်ဖိုး ၊ နိုင်ငံတော်သို့ပေး သွင်းရသည့် အခွန်အခများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှု ကုန်ကျစရိတ်တို့ကို ပေါင်းကာဈေးနှုန်း သတ်မှတ် ရောင်းချပေးနေပြီး နိုင်ငံတကာ စက်သုံးဆီပေါက်ဈေးနှင့်နှုန်းယှဉ်မည်ဆိုပါက ဈေးနှုန်းနိမ့်နေသည့်အတွက်ကြောင့် ပြည်တွင်းစက်သုံးဆီဈေးထပ်တက်လာနိုင်ကြောင်း သိရသည်။

"ပြည်တွင်းမှာအခုရောင်းချနေတဲ့ဈေးနှုန်းတွေက လက်တလော နိုင်ငံတကာ ပေါက်ဈေးနှင့် နှုန်းယှဉ်မယ်ဆိုရင် နိမ့်နေ တဲ့ အတွက်ကြောင့်မလို့ဈေးထက်တက်လာနိုင်ပါတယ်။ ဒီဇယ်ဆိုရင် မေ၁၇ရက်နေ့မှာ ဒီဇယ်ကိုလက်ကား ဈေး ၈၈၁ကျပ်နဲ့ကျွန်တော်တို့ရောင်းတယ်။ အဲနေ့မှာနိုင်ငံခြားပေါက်ဈေးနဲ့၊ ငွေလဲနှုန်း၊ အခွန်အခတွေ ပေါင်းတဲ့ အခါမှာ အရင်းဈေးက ၉ဝ၁ပေါက်ပါတယ်။ ဒါကို၈၈၁ကျပ်နဲ့ ရောင်းတဲ့အခါကျတော့ ကာလပေါက်ဈေးနဲ့ တွက်မယ် ဆိုရင် ၂ဒသမ၂၅ရာခိုင်နှုန်းလောက်အရှုံး ဖြစ်ပါတယ်။ အဲဒီဈေးနဲ့ဆိုရင်တော့နိုင်ငံခြားဈေးနဲ့ ပြည်တွင်းငွေ လဲနှုန်းက မပြောင်းဘူး။ ဒီတိုင်းပဲနေမယ်ဆိုရင် လက်ရှိအနေအထား နဲ့ဆိုရင်အရှုံး ပေါ်နေတဲ့အတွက်ကြောင့် ဈေးကထက်တက် လာဖို့အလားအလာရှိပါတယ်။ ကမ္ဘာရေနံပေါက်ဈေး ၊ ဒေါ်လာ နှင့် မြန်မာကျပ်ငွေ အပြောင်းအလဲ နှင့် အခွန်ပေး ဆောင်ရမှုများ အပေါ်တွက်ချက်ကာ ဈေးနှုန်းများ သတ်မှတ်ရောင်းချနေရတာဖြစ်တယ်။"ဟု မြန်မာနိုင် ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ၊ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောပါတယ်။

ပြည်တွင်း စက်သုံးဆီဈေးမှာ ယခင်လထက် နှိုင်းယှဉ်ပါက တစ်လီတာကို ကျပ် ၇ဝ ခန့် မြင့်တက်လာနေရာ ယနေ့ စက်သုံးဆီ ရောင်းဈေးမှာ ဒီဇယ်ဆီ တစ်လီတာလျှင် ကျပ် ၉ဝဝ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်လီတာ ၉၁၅ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ၈၆၅ ကျပ်နှင့် အောက်တိန်း 95 ron တစ်လီတာလျှင် ၉၁၅ ကျပ် နှုန်း ဖြင့်ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

Market

Author