တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းများတွင် ယာဉ်ထိန်းအင်အားအပြည့်ဖြင့် ဆောင်ရွက်သွားမည်

0

Full article

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းများတွင် ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းပေးနိုင်ရန်အတွက် ယာဉ်ထိန်း အင်အား ၃ဝဝ ကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး ဦးသိန်းဦးက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယာဉ်ကြောရှုပ်ထွေးသည့် အဓိကလမ်းများတွင် ယာဉ်ထိန်းရဲများ ထားရှိသွားမည်ဖြစ်သလို စာမေးပွဲဖြေမည့် ကျောင်းသားကျောင်းသူများ ယာဉ်ကြောကြပ်တည်းမှုကြောင့်အခက်အခဲမဖြစ်စေရန်အတွက်
ယာဉ်ထိန်းဆိုင်ကယ်အစီး ၂ဝဝ နှင့် ပျံလွှားယာဉ် အစီးလေးဆယ်ကျော်ဖြင့် ယာဉ်ကြောရှင်းလင်းရေး ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

"စာမေးပွဲဖြေမှ ရှင်းပေးတာမဟုတ်ပါဘူး။ စာမေးပွဲဖြေနေတဲ့အချိန်တွေမှာ ကလေးတွေ ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့ အတွက်ဖြစ်ပါတယ်။ အရင်နှစ်တွေကလိုမျိုး ကျောင်းနောက်ကျတာတို့၊ စာမေးပွဲကဒ်
မေ့ကျန်ခဲ့တာတို့ဆိုရင် အဆင်ပြေစေဖို့အတွက် ယာဉ်ထိန်းဆိုင်ကယ်နဲ့ ကားတွေပါ ထားရှိပေးထားတာဖြစ်တယ်" ဟု အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး ဦးသိန်းဦးကပြောကြားခဲ့ခြင်းဖြစ်သည်။

ပုံမှန်နေ့ကျောင်းများတွင် ယာဉ်ကြောရှင်းလင်းရေးကို ဆောင်ရွက်နေသလို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့်ကာလအတွင်း စာစစ်ဌာနအားလုံး၌ ယာဉ်ထိန်းများကိုလည်း ထားရှိပေးသွားမည်ဖြစ်သည်။

Author