စက်သုံးဆီ ဈေးနှုန်းအမြင့်ဆုံးရောက်ရှိနေ၊ ဆီဈေးနှုန်း တည်ငြိမ်ရန် အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု အစိုးရအဖွဲ့ဆို

0

Full article

ကမ္ဘာစက်သုံးဆီဈေးနှုန်း အမြင့်ဆုံးရောက်ရှိလာခဲ့ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာလည်း ဈေးနှုန်းမြင့်တက်လာခဲ့ရာ စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရန် အမြန်ဆုံးလုပ်ဆောင်သွားရန် ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု အစိုးရ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံကနေ သိရသည်။

ထိုကဲ့သို့ စက်သုံးဆီဈေးနှုန်းမြင့်တက်ရခြင်းမှာ ကမ္ဘာ့ရေနံရောင်းချနေသော နိုင်ငံများအဖွဲ့ (OPEC) မှ ရေနံထုတ်လုပ်မှုခွဲတမ်းပြသာနာများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြောင့် လောင်စာဆီလိုအပ်ချက် မြင့်မားနေမှုများ ဖြစ်နေကြောင်း သိရသည်။

" အခုလက်ရှိစက်သုံးဆီဈေးကို တည်ငြိမ်အောင်ထိန်းနိုင်ဖို့ ညှိနှိုင်းမှုတွေလုပ်နေပါတယ်။ သယ်ယူပို့ဆောင်ရေးမှာ ဆီတွဲတွေကို ရထားတွဲတွေနဲ့သယ်ယူနိုင်ဖို့လည်း လုပ်နေတယ်။ သက်ဆိုင်တဲ့အစိုးရအဖွဲတွေနဲ့လည်း ဆွေးနွေးတာတွေလုပ်ထားတယ်။ ဆီတွဲတွေကို သယ်တဲ့အခါမှာလည်း ကုန်ကျစရိတ်သက်သာအောင် လုပ်ဆောင်မယ့်ကိစ္စတွေကို လည်း ဆွေးနွေးထားတယ်။" ဟု စက်သုံးဆီဈေးနှုန်း ကျဆင်းစေရန် အစည်အဝေးများတက်ရောက်ခဲ့သူ အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရောင်းချနေသည့် စက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေးနှုန်းနှင့်အညီ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်စေရေးအတွက် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်း (MPTA) မှ စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေးတွင် မတ် ၁၂ ရက်ကပြောကြားခဲ့သည်။

" ဆီလက်ကျန်ထားရှိမှု၊ နိုင်ငံတော်လုံခြုံရေးအတွက် ထားရှိမှုကိုလည်း ထိန်းသိမ်းဆောင်ရွက်နေပါတယ် ။ ရန်ကုန် တိုင်းဒေသကြီးကို နေ့စဉ်စက်သုံးဆီ အရောင်းဆိုင်များမှ (၂.၂၂)သန်းနဲ့ ဒီဇယ်ဆီ ဂါလန် (၁.၄၅)သန်း လက်ခံရရှိပြီး ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များမှ နေ့စဉ်ပျမ်းမျှ ဓါတ်ဆီဂါလန် (ဝ.၂၇)သန်းနဲ့ ဒီဇယ်ဆီဂါလန် (ဝ.၁၈) သန်း ဂါလန်ဖြန့်ဖြူးနေပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ကလည်း ပြည်တွင်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ အညီ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းဖြစ်စေရေး အတွက် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်း (MPTA) မှ စက်သုံးဆီ ဈေးနှုန်း ထိန်းသိမ်း ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားရန် လမ်းညွှန်ထားပါတယ် " ဟု ဝန်ကြီးဦးဟံထွန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် မေလ ၂၁ ရက်ရောင်းချနေသော ပြည်တွင်းဆီဈေးနှုန်းများမှာ ဒီဇယ် ၉ဝဝ ကျပ်‌၊ ပရီမီယမ်ဒီဇယ် ၉၁၅၊ အောက်တိန်း 95 ကို ၉၁၅ ကျပ်နှင့် အောက်တိန်း 92 ကို ၈၆၅ကျပ် အထိ ဈေးနှုန်းမြင့်တက်‌ရောင်းချနေကြောင်း သိရသည်။

Regulation

Author