Full article

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် လျာထားသော လေအေးပေးစက်နှင့် စက်လှေကားများ ပါဝင်သည့် လူကူးခုံးကျော် တံတားများကို ယခုဘဏ္ဍာနှစ် အတွင်း ဆောက်လုပ်နိုင်မည် မဟုတ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ'မှ သတင်းရရှိသည်။![Br-People](/redline/content/images/2014/01/Br-People.jpg)

လေအေးပေးစက်နှင့် စက်လှေကားများ ပါဝင်သည့် ခုံးကျော်တံတားများကို ကမ္ဘာအေးဘုရားလမ်းမပေါ် ဂမုန်းပွင့်ကုန်တိုက်ရှေ့၊ ပန်းဆိုးတန်းဘက်မှ ကမ်းနားလမ်း အကူးနှင့် ဆိပ်ကြီးခနောင်တို ဘောခံတံတား အဆင်းမှ စဉ့်အိုးတန်းဘက်အကူး၌ တည်ဆောက်သွားမည်ဖြစ်ပြီး ဦးစားပေးဆောက်လုပ်မည့် ဂမုန်းပွင့် ကုန်တိုက်ရှေ့ လူကူးခုံးကျော် တံတားမှာ တည်ဆောက်ရန် မြေနေရာ လုံလောက်မှုမရှိခြင်းနှင့် သာသနာရေး ဝန်ကြီးဌာနပိုင်မြေများ ဖြစ်သောကြောင့် ညှိနှိုင်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ပန်းဆိုးတန်းနှင့် စဉ့်အိုးတန်း ခုံးကျော်တံတားမှာလည်း တည်ဆောက်ရေးဆိုင်ရာ စစ်တမ်းကောက်ယူမှု တစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ရာ ယခု ဘဏ္ဍာနှစ်တွင် လူကူးခုံးကျော်တံတားများ ဆောက်လုပ်နိုင်မည် မဟုတ်ကြောင်း သိရသည်။ |သုံးနေရာ သတ်မှတ်ထားပေမဲ့ အရင်ဆုံး ဂမုန်းပွင့်ရှေ့မှာ ဆောက်ဖို့စီစဉ် ထားတယ်၊ ဒါပေမဲ့ မြေနေရာ အခက်အခဲက ရှိနေတယ်၊ စင်္ကြံကကျဉ်းလွန်းတော့ တံတားဆောက်လိုက်ရင် ပြည့်သွားမှာ၊ ပြီးတော့ သာသနာရေး ပိုင်မြေကြီး ဖြစ်နေတယ်၊ ဒါကြောင့် ဒီနှစ်တော့ ဆောက်ဖြစ်မှာ မဟုတ်ဘူး၊ ၂ဝ၁၄-၂ဝ၁၅ မှာတော့ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ဆက်ပြီးဆောင်ရွက်မှာပါ ဟု မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန (လမ်း၊တံတား) ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား ခုနစ်စင်းရှိပြီး ဗိုလ်ချုပ်လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ်ရှေ့၊ ဗိုလ်ချုပ်လမ်းပေါ် ဗိုလ်ချုပ်ဈေးရှေ့၊ အနော်ရထာလမ်းရှိ သိမ်ကြီးဈေးရှေ့၊ ဗန္ဓုလလမ်း သိမ်ကြီးဈေးရှေ့၊ ဆူးလေ၊ ကျောက်တံတား ရဲစခန်းရှေ့နှင့် အလံပြဘုရားလမ်း ဒဂုံ(၁)ကျာင်းရှေ့ စသည်တို့တွင် တည်ဆောက်ထားကာ အဆိုပါ လူကူးခုံးကျော်တံတားများကို အသုံးပြုမှု နည်းပါးကြောင်း တွေ့ရှိရသည်။

Ref: Automobile

Author