ယာဉ်မှန်/မမှန် စစ်ဆေးပေးရန် ကညန ရုံးဝန်ထမ်းအယောင်ဆောင်ပြီး ငွေကြေးယူ၍ ယာဉ်စစ်ပေးသူများဖမ်းမိ

0

Full article

ယာဉ်မှန်/မမှန် စစ်ဆေးပေးရန်အတွက် ကညန ရုံးဝန်ထမ်းအယောင်ဆောင်ပြီး အင်ဂျင်နီယာဟုပြောဆိုကာ ယာဉ်မှန်/မမှန် စစ်ဆေးခ ငွေကြေး ၁ သိန်း ၃ သောင်း ယူ၍ ကညန ရုံးပြင်ပနေရာတွင် ယာဉ်စစ်ပေးသူ ၂ ဦးကို ယနေ့ဖမ်းဆီးရမိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရားဝင် မှတ်ပုံတင် ယာဉ်ဟုတ်/မဟုတ်၊ ယာဉ်မှန်/မမှန် စစ်ဆေးပေးခြင်းကို ယာဉ်မှတ်တမ်းမရှိသော နေရာများ၌လည်းကောင်း၊ ရုံးပြင်ပ နေရာများ၌လည်းကောင်း ယာဉ်မှန်/မမှန် စစ်ဆေးခြင်း မပြုလုပ်နိုင်ဘဲ ရုံးပြင်ပတွင် ဝန်ထမ်းအယောင်ဆောင်ထားသော သူများက ငွေကြေး ၁ သိန်း ၃ သောင်း အထိ လိမ်လည်ရယူကာ ယာဉ်စစ်ဆေးပေးနေမှုမှာ တရားဝင်ခြင်းမရှိဘဲ ကညန ရုံး၏ ယာဉ်စစ်ဆေးမှု ငွေသွင်းပြေစာ ရရှိမှသာ တရားဝင် စစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။

"ကညန အင်ဂျင်နီယာ ဝန်ထမ်းဆိုပြီးတော့ ကညန ရုံးအနီးအနားမှာ ပိုက်ဆံ ၁ သိန်း ၃ သောင်းယူပြီး ယာဉ်စစ်ပေးနေတဲ့သူတွေကို ဖမ်းမိတာပါ။ သူတို့ကို သက်ဆိုင်ရာ ရဲစခန်းမှာ လိမ်လည်မှုနဲ့ ဌာနကနေ တရားစွဲ အမှုဖွင့်သွားမှာပါ။ ရုံးမှာ စစ်ဆေးတာမဟုတ်ရင်တော့ ယာဉ်မှန်/မမှန် စစ်ဆေးပေးနေတာ တရားဝင် မဟုတ်ပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်ဟုတ်/မဟုတ်၊ ယာဉ်မှန်/မမှန် စစ်ဆေးပေးခြင်းသည် ယာဉ်၏ မှတ်တမ်းပါ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ခြင်း၊ ယာဉ်၏ ဘောင်အမှတ်နှင့် ဘောင်အမှတ်ပါ member တန်းတစ်လျှောက် ဆပ်စပ်နေသော အစိတ်အပိုင်းများ မှန်ကန်မှုရှိ/မရှိ စိစစ်ခြင်းများ ပြုလုပ်ရပြီး ယာဉ်မှန်/မမှန် စစ်ဆေးခြင်းကို ကညန ရုံးပြင်ပနေရာတွင် စိစစ် စစ်ဆေးနိုင်ခြင်းမရှိနိုင်ကြောင်းကိုလည်း အသိပေးကြေညာထားသည်။

Author

Comments