ယာဉ်မောင်းလိုင်စင် အတုပြုလုပ်ရောင်းချနေသည့် အဖွဲ့ကို ဖမ်းဆီးရမိ

0

Full article

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင် ဦးစီးမှူးလက်မှတ်ပါရှိသည့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေကြောင်း ဖော်ပြထားသည်ကို တွေ့ရ၍ ရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ရောင်းချနေသည့် လူ ၅ ဦးပါဝင်သော အဖွဲ့ကိုဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

Wai Yan ဖေ့စ်ဘွတ်ခ်အကောင့်တွင် တင်ထားသည့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေကြောင်း ဖော်ပြထားသော ဖုန်းနံပါတ်ကို ဆက်သွယ်ခဲ့ပြီး မေ လ ၂၅ ရက်က တောင်ဥက္ကလာပမြို့နယ် ဘေလီတံတားအဆင်းရှိ လက်ဖက်ရည်ဆိုင်တွင် ရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းနေစဉ် အသက် ၂၆ နှစ်ခန့်အရွယ် မမေပွင့်ဖြူနှင့် မထိုက်ဇာခြည်သင်းတို့နှစ်ဦး ရောက်ရှိလာပြီး ယာဉ်မောင်းလိုင်စင် တစ်ခုကို ငွေကျပ်၂ သိန်းခွဲဖြင့် ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ စရံငွေ ၅ သောင်းကျပ် ပေးရမည်ဖြစ်ကာ ဇွန်လ ၁ ရက်တွင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဇွန်လ ၁ ရက်သို့ ပြန်လည်ချိန်ဆိုထားရှိခဲ့သည်။

ထို့နောက် ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်သို့ ရောက်လာသည့် မမေပွင့်ဖြူနှင့် မထိုက်ဇာခြည်သင်းတို့နှစ်ဦးအား ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းတို့ထံမှ ယဉ်မောင်းလိုင်စင်အတု၊ ပြေစာ၊ ဓာတ်ပုံ၊ လက်ကိုင်ဖုန်းနှင့် ငွေများ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအမှုပါ ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုချက်နှင့် ကွင်းဆက်ဖော်ထုတ်ချက်များအရ ယာဉ်မောင်းလိုင်စင် အတု ပြုလုပ်ရောင်းချနေသူများ ဖြစ်သော လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်ခန့်အရွယ် မဂျူလီ ယာ(ခ)မဂျူလီယာနူး၊ လှိုင်မြို့နယ်တွင် နေထိုင်သည့် ကိုထွန်းလှိုင်၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၄၆ နှစ်ခန့်အရွယ် ဦးဇော်လင်းအောင်တို့ သုံးဦးကို ယာဉ်မောင်းလိုင်စင်အတု၊ အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစောပိုင်း ဖမ်းဆီးရမိခဲ့သူ၂ ဦးနှင့် မူခင်းကွင်းဆက်မှတဆင့် ဖမ်းဆီးရမိခဲ့သူ ၃ ဦး စုစုပေါင်း ၅ ဦးတို့ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

Law Enforcement

Unicode Version






Author