ယာဉ်မောင်းလိုင်စင်အတုကိုင်ဆောင်ထားသူများ ဆက်လက်အသုံးပြုလျှင် လိမ်လည်မှုဖြင့် အရေးယူမည်

0

Full article

ယာဉ်မောင်းလိုင်စင်အတုကိုင်ဆောင်ထားသူများ လာအပ်ရန်နှင့် ဆက်လက်အသုံးပြုမည်ဆိုပါက လိမ်လည်မှုဖြင့် တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

" ယာဉ်မောင်းလိုင်စင် အတုနဲ့ အစစ်ဆိုတာ ကညနမှာ တရားဝင်လာဖြေထားရင်အစစ်ပါ။ အပြင်ကနေ တစ်နည်းနည်းနဲ့ရယူထားတာဆိုရင်တော့ အတုဖြစ်တယ်။ လိုင်စင်အတုကိုင်ဆောင်ထားမယ်ဆိုရင် ကညနရုံးမှာ လာရောက်အပ်နှံဖို့ တိုက်တွန်းပါတယ်။ လာအပ်တဲ့သူကို ယာဉ်မောင်းလိုင်စင် ဖြေဖို့ အကူအညီပေးပါမယ်။ ယာဉ်မောင်းလိုင်စင်အတု ကိုလက်ဝယ်ရယူထားပြီး လာမအပ်ဘူးဆိုရင် လိမ်လည်မှုနဲ့ တရားဥပဒေအရ အရေးယူသွားမယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး မြင်သာကညန တိုင်းဦးစီးမှူး ဦးလျှန်ကျင့်မာန်က ပြောကြားသည်။

ယာဉ်မောင်းလိုင်စင်အတုကိုင်ဆောင်ထားသူများကို စစ်ဆေးတွေ့ရှိပါက အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ်(၁၄)နှစ် အထိ ချမှတ်နိုင်ပြီး ထပ်မံ၍ အသွင်ယူ ဖမ်းဆီးမှုများ လုပ်ဆောင်မည်ဖြစ်ရာ ယခုနှစ် ဧပြီလကုန်အထိ ယာဉ်မောင်း လိုင်စင် က,ခ,ဂ,ဃ,င နှင့်ဌ အမျိုးအစားအရေအတွက် ၇၇ဝ,ဝဝဝကျော်ထုတ်ပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့က ယာဉ်မောင်းလိုင်စင် အတုပြုလုပ်မှုတွင် ပါဝင်သော သံသယရှိသူ ငါးဦးကို ထိရောက်စွာ အသွင်ယူဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Update News

Author