ဝန်ထမ်းများပါမစ်ကိစ္စရပ်နှင့် စပ်လျဉ်းပြီး AAM နှင့်တကွ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၏ သဘောထားအမြင်

0

Full article

နိုင်ငံဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများကို မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းစနစ်နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို Automotive Association of Myanmar (AAM) နှင့် မြန်မာ့မော်တော်ယာဉ်ကဏ္ဍနှင့်စပ်ဆက်နေသည့် ပြည်ပမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော  EuroCham Myanmar ၊ Automotive Advocacy ၊ British Chamber of Commerce ၊ German Industry and Commerce in Myanmar တို့က ပူးပေါင်းကျင်းပခဲ့ကြပြီး အထက်ပါ ဝန်ထမ်းပါမစ်ကိစ္စရပ်ကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များနှင့်ပတ်သက်ပြီး နိုင်ငံခြားကုန်သည်ကြီးများ၊ ရင်းနှီးမြုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းအဖွဲ့အစည်း၏ စိုးရိမ်သည့်အချက်များ၊ အကြံပြုချက်များနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ယင်းမူဝါဒကိုဆက်လက်အကောင်အထည်ဖော်ခြင်းမပြုရန် မျှော်လင့်ပါကြောင်း တို့ကိုပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဝန်ထမ်းပါမစ်ကိစ္စရပ်အပေါ် မြန်မာ့မော်တော်ယာဉ်ကဏ္ဍနှင့် လက်တွဲဆောင်ရွက်နေသည့် EuroCham Myanmar ၏ အမှုဆောင်ဒါရိုက်တာ Marc De La Fouchardiere က

“၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလ၂ရက်နေ့တွင် ဝန်ထမ်းများကိုမော်တော်ယာဉ်တင်သွင်းခွင့်ပြုသည့်ဆုံးဖြတ်ချက်ကိုစီးပွားကူးသန်းမှကြေညာကြောင်း၊ အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ်အသေးစိတ်ကိုမသိရသေးသော်လည်း တင်သွင်းလာမည့်မော်တော်ယာဉ်များသည် အခွန်ကင်းလွတ်ခွင့်များရရှိမည်ဖြစ်ကြောင်း၊ အဆိုပါကြေညာချက်ကို မြန်မာ့မော်တော်ယာဉ်ကဏ္ဍတွင်လုပ်ဆောင်နေသည့် EuroCham ၏အဖွဲ့ဝင်များအနေဖြင့် အံ့အားသင့်ခဲ့ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့တင်သွင်းခွင့်ပြုလိုက်ခြင်းသည် မြန်မာနိုင်ငံ၏မော်တော်ယဉ်ဈေးကွက်ကို များစွာထိခိုက်စေသည့်အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ပုံရိပ်ကို သိသာစွာကျဆင်းစေပါကြောင်း၊ တင်သွင်းခွင့်လိုင်စင်ထုတ်ပေးရန် လျာထားသည့်ဝန်ထမ်းအရေအတွက်မှာ ၃၄,၀၀၀ ခန့်ရှိနေပြီး ပြည်တွင်းထုတ်မော်တော်ယာဉ်များနှင့် ပမာဏကြီးမားစွာရင်းနှီးမြုပ်နှံနေသည့်တရားဝင်တင်သွင်းသူများ၊ အခွန်အပြည့်အဝပေးထားသည့်မော်တော်ယာဉ်များအတွက်နစ်နာမှုများရှိနေပြီး နိုင်ငံတော်၏စီးပွားရေးအဆောက်အဦနှင့် မော်တော်ယာဉ်ဈေးကွက်တွင် ဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ တစ်ဦးချင်းတင်သွင်းသူနှင့် တရားဝင်တင်သွင်းသူများအကြား အပြိုင်ဈေးကွက် ပေါ်ပေါက်လာနိုင်ကြောင်း၊ အခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းလာသောမော်တော်ယာဉ်များသည် SKD ၊ CKD စနစ်များဖြင့်ထုတ်လုပ်ထားသည့်မော်တော်ယာဉ်များထက် များစွာဈေးသက်သာမည်ဖြစ်ပြီး အကျိုးဆက်အားဖြင့် မော်တော်ယာဉ်ဝယ်ယူသူများသည် ပုံမှန်ရောင်းချနေသည့်နေရာများကို ရှောင်ကွင်းသွားကြမည်ဖြစ်သောကြောင့် မူရင်းထုတ်လုပ်သောကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုများအပေါ် ထိခိုက်နစ်နာစေမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီများမှဖန်တီးပေးထားသည့် အလုပ်အကိုင်အခွင့်အလမ်းများကိုပါဆုံးရှုံးစေမည်ဖြစ်ကြောင်း၊ ထို့အပြင် SKD ၊ CKD စနစ်ဖြင့်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေးကဏ္ဍကို မြှင့်တင်ရန်ဟူသည့် နိုင်ငံတော်၏ မူဝါဒနှင့်လည်း ဆန့်ကျင်ကွဲလွဲလျက်ရှိနေကြောင်း၊ အဆိုပါကိစ္စကိုဖြေရှင်းရန်အတွက် ၎င်း၏ ကုန်သည်ကြီးများမှ ကြိုးစားဆောင်ရွက်နေပြီး မကြာသေးမီကလည်း ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့်စက်မှုလုပ်ငန်းတိုးတက်ရေးကော်မတီနှင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ဌာနတို့နှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး မော်တော်ယာဉ်ကဏ္ဍအပေါ် ပွင့်လင်းသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ဆက်လက်ဆွေးနွေးသွားရန်လည်း ရည်ရွယ်ထားကြောင်း"

ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) သည် ဥရောပနိုင်ငံများနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများကို မြှင့်တင်အကောင်အထည်ဖော်ရန်အတွက်ဖြစ်ပြီး ၎င်း၏အဓိကတာဝန်မှာ ဈေးကွက်ရှာဖွေရေးကို ချောမွေ့စေပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုအလားအလာကို မြှင့်တင်ပေးရန်ဖြစ်ကာ EuroCham Myanmar Automotive Advocacy Group သည် ဥရောပခြေစိုက် မော်တော်ကားအမျိုးအစားများကို တင်သွင်းသူများဖြန့်ဖြူသူများပါဝင်ပြီး မော်တော်ယာဉ်ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အာဏာပိုင်အဖွဲ့များနှင့်ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး အဖွဲ့ဝင်ကုမ္ပဏီများမှာ Audi ၊ BMW ၊ Volvo ၊ Volkswagen ၊ Mercedes – Benz ၊ Scania နှင့် Ducati တို့ပါဝင်ကြောင်းသိရသည်။

ထို့အပြင် German Industry and Commerce  ဆိုင်ရာကိုယ်စားလှယ် Martin Klose ကလည်း EuroCham ယနေ့သတင်းစာရှင်းလင်းပွဲနှင့် EuroCham ၏ ဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ယင်းမူဝါဒကို ဆက်လက်အကောင်အထည်ဖော်ခြင်းမပြုရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

Author