YBS ယာဉ်စီးခ ကဒ်စနစ် တင်ဒါအောင်ကုမ္ပဏီ Excel KC Myanmar သည် တင်ဒါ လုပ်ငန်းစဉ်နှင့် မကိုက်ညီ၍ တင်ဒါဖျက်သိမ်းခံရ

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများတွင်ယာဉ်စီးခပေးချေသည့် ကဒ်စနစ် လုပ်ဆောင်ရန်အတွက် Excel KC Myanmar ကုမ္ပဏီအား ပမာဏာရွေးချယ်ထားရှိရာ ထို Excel KC Myanmar ကုမ္ပဏီမှာ တင်ဒါ လုပ်ငန်းစဉ်နှင့်မကိုက်ညီ၍ တင်ဒါဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ YPS Yangon Payment Services တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့မှ တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၁ ခု အနက်မှ ဒုတိယအဆင့်အောင်မြင်သည့် RFP TYPE (A) Turnkey Solution အတွက် ၇ ခုနှင့် RFP TYPE (B) YPS Existing Backend System အတွက် ၇ ခု စုစုပေါင်း ၁၄ ခု စာရင်းအား ဒီဇင်ဘာလ ၁၄ ရက်တွင် ကြေငြာခဲ့သည်။

ထိုမှ တစ်ဆင့် RFP TYPE (A) Turnkey Solution အတွက် အဆိုပြုသည့် အဖွဲ့ ၇ ဖွဲ့အား ဒီဇင်ဘာလ ၁၆ ရက်တွင်လည်းကောင်း ၊ RFP TYPE (B) YPS Existing Backend System အတွက် အဆိုပြုသည့် အဖွဲ့ ၇ ခုအား ဒီဇင်ဘာလ ၁၇ ရက်တွင်လည်းကောင်း လူတွေ့မေးမြန်း စစ်ဆေးမှုများပြုလုပ်ပြီးနောက် YPS တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကုမ္ပဏီ ၃ ခုဖြစ်သည့် Anypay Payment Services ကုမ္ပဏီ ၊ Asia Starmar Transport Intelligent ကုမ္ပဏီ နှင့် Excel KC Myanmar ကုမ္ပဏီ တို့ကို စကာတင် ရွေးချယ်ခဲ့ကြောင်းသိရသည်။

ထိုမှတဆင့် ယင်းစကာတင် ကုမ္ပဏီသုံးခုအနက် Excel KC Myanmar ကုမ္ပဏီအား ဇန်နဝါရီ ၁ဝ ရက်တွင် တင်ဒါအောင်လုပ်ငန်းအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြောင်းသိရသည်။

Excel KC Myanmar ကုမ္ပဏီ၏ အဆိုပြုလွှာတွင် Acer, KK, KC, ECC ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီ တစ်ခုပါဝင်သောပူးပေါင်းအဖွဲ့ကို အဆိုပြုခဲ့ကြောင်းသိရသည်။

ထိုသို့ Excel KC Myanmar ကုမ္ပဏီ နှင့် MOU စာချူပ်အတွက် ညှိနှိုင်းစဉ်ကာလအတွင်း Acer သည် ၎င်းပူးပေါင်းအဖွဲ့မှ နှုတ်ထွက်ကြောင်း တင်ဒါကော်မတီထံ ဧပြီ ၉ ရက်တွင် အကြောင်းကြားခဲ့ကြောင်းသိရသည်။

တင်ဒါစီစစ်ရွေးချယ်ရေးအဖွဲ့အနေဖြင့် Acer သည် ငွေကြေးနှင့်နည်းပညာထည့်သွင်းရင်းနှီးမည့် အဓိကအဖွဲ့ဖြစ်သည့်အတွက် ယင်းနှုတ်ထွက်ခဲ့ခြင်းကြောင့် တင်ဒါအဆိုပြုလွှာအတိုင်း အစုအဖွဲ့စုဖွဲနှိုင်ခြင်းမရှိသည်ဖြစ်ရာ ရွှေးချယ်ခံမှုစည်းကမ်းနှင့်မညီညွတ်တော့သဖြင့် Excel KC Myanmar ကုမ္ပဏီရရှိခဲ့သော တင်ဒါကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ကျန်ရှိသည့် စကာတင်ကုမ္ပဏီ ၂ ခုအနက်မှ တစ်ခုကို ထပ်မံစိစစ်ရွေးချယ်၍ ညှိနှိူင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Tender

Author