အဆိုးရွားဆုံးအရောင်းထိုးကျမှုအတွက် ပြင်ဆင်လျက်ရှိကြတဲ့ ဥရောပကားလုပ်ငန်း

0

Full article

သိကြတဲ့အတိုင်းပါပဲ။ ကမ္ဘာ့ကပ်ရောဂါ coronavirus ရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ဥရောပမှာတော့ စီးပွားရေး ထိုးကျမှုတွေဆိုးဆိုးရွားရွားဖြစ်နေပြီး အဲဒီအထဲမှာ ဥရောပရဲ့ကားလုပ်ငန်းလည်းအပါအဝင်ပါ။

ပြင်သစ်နိုင်ငံရဲ့ပြီးခဲ့တဲ့ မတ်လအတွင်းမော်တော်ကားရောင်းအားဟာ ယမန်နှစ်မတ်လရောင်းအားနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၇၂% အထိထိုးကျသွားတယ်လို့ CCFA ကုန်သွယ်ရေးအဖွဲ့ရဲ့အချက်အလက်များအရသိရတယ်။ စပိန်မှာဆိုရင်လည်း Spanish Association of Automobile and Truck Manufacturers ရဲ့အဆိုအရ ကားအသစ်ဝယ်ယူစာရင်းသွင်းမှုနှုန်းက ၆၉% အထိတောင်မှကျသွားတာပါ။ ဒါဟာ အဆိုးရွားဆုံးသော ဘဏ္ဍာရေးအကျပ်အတည်းပါပဲ။

“ပုံစံကြည့်ရတာတော့ ၁၉၄၅ ခုနှစ်နောက်ပိုင်း ကားသစ်တွေနဲ့ ထရပ်ကားတွေအတွက် အထိအနာဆုံးကာလပါပဲ” ဟု Bankhaus Metzler မှ လေ့လာဆန်းစစ်သူ Juergen Pieper ကဆိုပါတယ်။

Volkswagen AG ၊ PSA Group နဲ့ Fiat Chrysler Automobiles ကနေ Renault SA အထိ ကားထုတ်လုပ်သူတွေဟာ သူတို့ရဲ့ စက်ရုံတွေနဲ့ အရောင်းပြခန်းတွေကို သက်ဆိုင်ရာ အစိုးရတွေရဲ့ COVID-19 ကူးစက်မှုကနေ ကာကွယ်တားဆီးနိုင်ဖို့ တားမြစ်မှုတွေကြောင့် ပိတ်ထားကြရပါတယ်။ ဥရာပရဲ့ အဓိကကားထုတ်လုပ်ရေးနိုင်ငံတွေဖြစ်ကြတဲ့ အီတလီနဲ့ပြင်သစ်မှာဆိုရင် လူတွေဟာ နေအိမ်အတွင်း ခြေ ချုပ်ပ်မိသလိုဖြစ်နေတဲ့အပြင် မရှိမဖြစ်မဟုတ်ရင် ငွေပေးခြေမှုမလုပ်ဖို့ကိုလည်း တားမြစ်ထားပါတယ်။ ဒီအတွက် မော်တော်ကားသစ်ဝယ်ယူမယ့်သူလည်း မရှိတော့ပါဘူး။

“ဧပြီလဟာလည်း အရမ်းကိုခက်ခဲဦးမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံအတော်များများမှာ လူတွေကခြေ ချုပ်မိသလိုဆက်ဖြစ်နေကြဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ သိပ်၊ သိပ်ကိုခက်ခဲတဲ့ နောက်ထပ် လ အနည်းငယ်ကို ဖြတ်ကျော်ဖို့အတွက် ပြင်ဆင်ကြရမှာ အသေအချာပါပဲ။” ဟု ပြင်သစ် ကားအပိုပစ္စည်းထုပ်လုပ်ရေး Valeo SA ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jacques Aschenbroich ကဆိုပါတယ်။
Jacques Aschenbroich, CEO of Valeo 

ဂျာမန် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်ရေး Continental AG ကတော့ တစ်နှစ်စာငွေကြေးလမ်းညွှန်ချက်တွေကိုပြန်လည်ရုပ်သိမ်းလိုက်ပြီး ၄၀% ထက်ပိုတဲ့သူတို့ရဲ့စက်ရုံတွေကိုလည်း ပိတ်ခဲ့ရပါတယ်။ သူတို့ရဲ့ အလုပ်သမားအင်အားရဲ့ ထက်ဝက်လောက်ရှိတဲ့ အလုပ်သမားပေါင်း ၃၀,၀၀၀ ခန့်ကို နိုင်ငံတော်ရဲ့လစာထောက်ပံ့မှုစာရင်းသို့သွင်းခဲ့ကြရပြီး အလုပ်ချိန်တွေကိုလည်း လျှော့ချခဲ့ရပါတယ်။

ပြင်သစ်က Valeo မှာလည်း ရင်းနှီးမြှုပ်နှံမှုလျှော့ချတာတွေ၊ အသုံးစရိတ်လျှော့ချတာတွေကိုလုပ်ဆောင်နေရသလို ဝန်ထမ်းလျှော့ချတာတွေကလည်း မပါမဖြစ်ပါဝင်နေတော့တာပါပဲ။ အဲဒီလိုလျှော့ချတဲ့အထဲမှာ Development Engineers တွေတောင်မှ တစ်စိတ်တစ်ပိုင်းအလုပ်လုပ်ဆောင်ရတဲ့ပုံစံမျိုးနဲ့ လျှော့ချမှုတွေလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ CEO ဖြစ်သူ Jacques Aschenbroich က

“ကျွန်တော်တို့ဖောက်သည်တွေရဲ့ ကားဝယ်ယူအသုံးပြုမှုနှုန်းကျဆင်းသွားသလိုမျိုး ကျွန်တော်တို့အဖွဲ့အစည်းဟာလည်းကျဆင်းသွားရတာပါပဲ။ အလှည့်အပြောင်းကတော့ လာမှာပါ။ ဒီလကုန်လောက်လည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေတော့မသေချာဘူးပေါ့ဗျာ။” ဆိုပြီးပြောကြားခဲ့တာပါ။

ဆွီဒင်နိုင်ငံမှာဆိုရင်လည်း ကားသစ်စာရင်းပေးသွင်းမှုဟာ မတ်လအတွင်း ၈.၆% အထိကျဆင်းသွားခဲ့ပါတယ်။ လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ BIL Sweden ကတော့ လက်ရှိကျဆင်းမှုဟာ အခုဖြစ်နေတဲ့ pandemic နဲ့တော့ သိပ်ပြီးအချိုးမကျပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုစာရင်းပေးသွင်းနေတဲ့ကားတော်တော်များများက လွန်ခဲ့တဲ့လအနည်းငယ်ကမှာထားတာတွေဖြစ်နေလို့ပါ ဆိုပြီးပြောထားတာတွေ့ရပါတယ်။

BIL Sweden ရဲ့ခေါင်းဆောင်ဖြစ်သူ Mattias Bergman ကတော့

“Coronavirus နဲ့ပတ်သက်တဲ့ သက်ရောက်မှုတွေကတော့ လာမယ့်လတွေမှာမှ ခံစားရဖို့ရှိနေတယ်လို့ ကျွန်တော်တို့မျှော်လင့်နိုင်ပါတယ်။” ဆိုပြီးပြောကြားထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကမ္ဘာ့ကပ်ရောဂါကြီး Coronavirus (COVID-19) ဟာလူသားတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားတိုက်ခိုက်လျက်ရှိပြီး အကျိုးဆက်အနေနဲ့ စီးပွားရေးအများစုဟာလည်း အလွန်အမင်းကျဆင်းခြင်းကို ကြိုတင်မျှော်လင့်နိုင်မှာဖြစ်တဲ့အတွက် "အဆိုးဆုံးအတွက်ဘယ်လိုပြင်ဆင်ကြမလဲ" ဆိုတာကတော့ စီးပွားရေးလုပ်ငန်းများအကြား အသုံးအများဆုံး စကားလုံးပဲ ဖြစ်နေဦးမှာအသေအချာပါပဲ။

Ref: European Car Industry Prepares for the Worst as Sales Plunge By Tara Patel and Oliver Sachgau


Author