မြို့တွင်း ၆ မြို့နယ်တွင် ယာဉ်ရပ်နားခကောက်ခံရန် smart parking ကဒ် စနစ်အတွက် EOI အဆိုပြုလွှာ စတင်ခေါ်ယူ

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ ယာဉ်ရပ်နားကန့်သတ်ဇုန်များတွင် smart parking ကဒ်စနစ် အကောင်အထည်ဖော်လုပ်ဆောင်ရန်အတွက် EOI အဆိုပြုလွှာ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန မှသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တွင်း ၆ မြို့နယ်ရှိ ယာဉ်ရပ်နားကန့်သတ်ဇုန်များတွင် smart parking လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်တွင်းကုမ္ပဏီ သို့မဟုတ် ပြည်တွင်း၊ ပြည်ပ ဖက်စပ်ကုမ္ပဏီများအား စိတ်ပါဝင်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ရာ smart parking ဆောင်ရွက်မည့်နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ၆ မြို့နယ်ရှိလမ်းများဖြစ်ကြပြီး အဆိုပါ EOI အဆိုပြုလွှာများကို ၂ ၊ ၄၊ ၂ဝ၁၉ ခုနှစ်မှစ၍ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ ဒုတိယထပ်၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်မည်ဖြစ်သည်။

"မြို့တွင်း ၆ မြို့နယ်မှာ smart parking ကဒ်စနစ်နဲ့ လုပ်သွားဖို့လုပ်နေတာ။ အခုလက်ရှိ စိတ်ဝင်စားတဲ့ကုမ္ပဏီတွေကို EOI အဆိုပြုလွှာ ခေါ်ယူနေပါတယ်။ ယာဉ်ရပ်နားခ ကောက်မယ့်ရက်ကို ပြန်ပြီး အသိပေးကြေညာပေးသွားမှာပါ။" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြို့တွင်း ၆ မြို့နယ်ရှိလမ်းများတွင် ကုမ္ပဏီများမှ EOI အဆိုပြုလွှာများကို စာရွက်စာတမ်းအပြည့်အစုံဖြင့် ၂၄၊ ၄၊ ၂ဝ၁၉ ခုနှစ် ညနေ ၄ နာရီအတွင်း ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ ဒုတိယထပ်၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) သို့ နောက်ဆုံးထားတင်ပြရမည်ဖြစ်ရာ နောက်ကျတင်သွင်းလာသော EOI အဆိုပြုလွှာများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးကြေညာထားရှိသည်။

Author