လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာပျက်နေ၍ YBS ယာဉ်လိုင်းများ CNG လွယ်ကူစွာထည့်သွင်းနိုင်ရန် CNG ဆိုင်များအချိန်တိုးကာ၂၄ နာရီ ရောင်းချပေးသွားမည်

0

Full article

လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာပျက်နေ၍ YBS ယာဉ်လိုင်းများ CNG လွယ်ကူစွာထည့်သွင်းနိုင်ရန်အတွက် CNG ဆိုင်များကိုအချိန်တိုးကာ ၂၄ နာရီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ရောင်းချရေးဌာနမှ သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံးသဘာဝဓတ်ငွေ့ CNG အရောင်းဆိုင် ၃၁ ဆိုင်ရှိရာတွင်  နံနက် ၆ နာရီမှ ည ၁ဝ နာရီအထိ ရောင်းချပေးနေသော CNG အရောင်းဆိုင် ၁၁ ဆိုင်နှင့် ၂၄ နာရီရောင်းချပေးနေသော CNG အရောင်းဆိုင် ၂ဝ ဆိုင်တို့ကို အချိန် ၂ ဆိုင်းခွဲပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

"အခုတစ်လော မီးပျက်တာများနေတဲ့အတွက် YBS ကားတွေ CNG ထည့်သွင်းရတာအဆင်ပြေအောင်လို့ ၂၄ နာရီမရောင်းတဲ့ဆိုင်တွေကို ၂၄ နာရီရောင်းချပေးသွားမယ်။ အရင်ကလည်းမီးမလာရင် မီးစက်နှိုးပြီးရောင်းပေးတာတော့ရှိပါတယ်။ မီးစက်နဲ့ဆိုရင် loading ရဖို့တော့ခဏစောင့်ရတာပေါ့။ အခုလကစပြီး ၁၆ နာရီရောင်းပေးနေတဲ့ CNG ဆိုင်တွေကို ၂၄ နာရီအထိ ဖွင့်ပေးထားမှာပါ။" ဟု စွမ်းအင်ဝန်ကြီးဌာန မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ရောင်းချရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း သဘာဝဓါတ်ငွေ့အသုံးပြုသောခရီးသည်တင် YBS ယာဉ်များနှင့် တက္ကစီကားများအနေဖြင့် ဓါတ်ငွေ့ထည့်သွင်းရာတွင် အခြားနေရာများသို့ နေရာခွဲ၍ CNG ဖြည့်တင်းပေးရန်လည်းလိုအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကစီအစီးရေ ၁ သောင်း ၆ ထောင်ကျော်နှင့် YBS ကားအစီးရေ ၄,ဝဝဝ နီးပါးကို သဘာဝဓါတ်ငွေ့ CNG ကုဗပေ ၂၁ သန်းခန့် နေ့စဉ်ရာင်းချပေးနေရကြောင်း သိရသည်။

Author

Comments