စက်သုံးဆီအတွက် အဓိကအားကိုး အားထားပြုနေရသည့် ရေနံသယံဇာတ တဖြည်းဖြည်းလျော့နည်းလာခြင်းကြောင့် အနာဂတ်တွင် စက်သုံးဆီ လုံးဝသုံးစွဲခြင်းမရှိသည့် လျှပ်စစ်ကားများ၏ ရောင်းအားအခြေအနေမှာ အဆမတန် မြင့်တက်လာမည်ဟု ဂျပန်ထိပ်တန်းကား ကုမ္ပဏီနစ်ဆန်းက မျှော်လင့်နေကြောင်း အပတ်စဉ်ထုတ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ယင်းဖော်ပြချက်အရ ကမ္ဘာ့နိုင်ငံအများစုသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် ရေနံအပေါ် မှီခိုအားထားနေရမှုမှ ရုန်းထွက်နိုင်ရန် နည်းလမ်းများရှာဖွေနေပြီး ထိုအထဲ တွင် လျှပ်စစ်ကားများ သုံးစွဲရေးမှာလည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။နစ်ဆန်းသည် သဘာဝပတ် ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရန်နှင့် လောင်စာဆီ သုံးစွဲမှုမှ ကင်းလွတ် ရန် ၂ဝ၁ဝ ပြည့်နှစ်တွင် လျှပ်စစ်စွမ်းအင်သီးသန့် အသုံးပြုသည့် Nissan Leaf ကားကို စတင်ရောင်းချခဲ့ပြီး လက်ရှိအချိန်အထိ အစီးရေ တစ်သိန်းကျော် ရောင်း ချထားပြီးဖြစ်သည်။ နစ်ဆန်းသည် လာမည့်ဇွန်လတွင် Nissan Leaf ကားသစ်များကို တောင်ကိုရီးယား၌ စတင် ရောင်းချသွားမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်အရောက် အစီး ရေ တစ်သန်းခွဲအထိ ရောင်းချနိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။ သို့သော် လည်း နစ်ဆန်းအတွက် အဓိက စိန်ခေါ်မှုမှာ လျှပ်စစ်ကားများ ဈေးနှုန်း ကြီးမြင့်ခြင်း၊ လျှပ်စစ်အား သွင်းရာ နေရာ နည်းပါးခြင်းတို့ဖြစ်သည်ဟု တိုင်းမ်မဂ္ဂဇင်းက သုံးသပ်ရေးသားခဲ့သည်။
Ref: Automobile