Full article

မြို့တွင်းခရီးသည်တင် ပါရမီယာဉ် လိုင်းများ၌ လက်ရှိ အသုံးပြုလျက် ရှိသည့် ငွေအကြွေအစားထိုး iPay စနစ်မှာ ခရီးသည် အသုံးပြုမှု နည်းပါးခြင်းကြောင့် အရှုံးပေါ် လျက်ရှိနေပြီး ယင်းကြောင့် e-ticket စနစ် ကျင့်သုံးရန် အစီအစဉ်မရှိသေးကြောင်း 'ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်'မှ သတင်းရရှိသည်။

eTicket_small_web_04

ခရီးသည်တင် ယာဉ်လိုင်းများ၌ ယာဉ်အကူမလိုဘဲ အလိုအလျောက်စက်ဖြင့် လက်မှတ်ဖြတ်ပေးသည့် Electronic လက်မှတ်ဖြတ် e-ticket စနစ် ကျင့်သုံးရန်စီစဉ် လျက်ရှိပြီး မထသလက်အောက်ရှိ ယာဉ်လိုင်းများ၌ e-ticket စနစ် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ "iPay တုန်းကလည်း ယာဉ်လိုင်းတွေမှာ တပ်ဆင်အသုံး ပြုခဲ့တယ်၊ ဒါပေမဲ့ ခရီးသည်တွေက သိပ်မသုံးကြဘူး၊ အဆင်မပြေတာကြောင့်ရော၊ ယာဉ်အကူ စပယ်ယာတွေရဲ့ စည်းကမ်းမရှိမှုတွေကြောင့်ရောပေါ့၊ ဒါပေမဲ့ အခု နာမည်ကြီးနေတဲ့ e-ticket ကို သုံးဖို့ အစီအစဉ်မရှိသေးဘူး၊ တခြား ယာဉ်လိုင်းတွေမှာ သုံးလို့အဆင်ပြေတယ် ကြားရင်တော့ စဉ်းစားဖြစ်မှာပါ"ဟု ဗန္ဓုလသယ်ယူပို့ ဆောင်ရေး ကုမ္ပဏီလီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ e-ticket စနစ်သည် စက်တွင် လက်မှတ်ကပ်ရုံဖြင့် မော်တော်ယာဉ် စီးနင်းနိုင်သောကြောင့် လက်ရှိဖြစ်ပေါ် နေသော ငွေအကြွေရှားပါးမှု အပြင် စပယ်ယာနှင့် ခရီးသည်အကြား အချင်းများမှုကိုလည်း ရှောင်ရှားနိုင်ကြောင်း၊ ယခုအခါ e-ticket စနစ်ကို မထသ လက်အောက်ရှိ ယာဉ်လိုင်းများတွင် တပ်ဆင်အသုံး ပြုမည်ဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

Ref: Automobile

Author