ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်သို့တင်သွင်းကာ ဆွေးနွေးအတည်ပြုချက်များ ဆောင်ရွက်သွားမည်

0

Full article

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ မူကြမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့တင်သွင်းခဲ့ပြီး ဆွေးနွေးအတည်ပြုခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် ပေးပို့လာသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည့်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်အဝေးတွင် တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကြမ်းအား ဖတ်ကြားရှင်းလင်းခြင်းကို ပြုလုပ်ခဲ့သည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်းအား ၂၁.၂.၂၀၂၀ ရက်နေ့နောက်ဆုံးထားပြီးတင်သွင်းရန် တောင်းခံခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးမှ အမည်စာရင်းတင်သွင်းခဲ့သည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ နိုင်ငံသားများ၏မူလအခွင့်အရေးများဆိုင်ရာကော်မတီ၊ ဘဏ်နှင့်ငွေကြေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၊ ပြင်ဆင်ချက်အဆိုတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်တို့မှ ပြန်လည်စိစစ်ခဲ့ကြပြီး ဆွေးနွေးအတည်ပြုခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ လတ်တလောတွင် ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်များအနက် ၈၄ ချက်ကို သဘောတူသင့်ကြောင်း၊ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို သဘောမတူဘဲ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၁၀၉ ချက်ရှိကြောင်းနှင့် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်အမတ်များ သဘောထားကွဲလွဲချက် ၂ ချက်ရှိကြောင်း သိရသည်။


ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို အတည်ပြုပြီးပါက လက်ရှိကျင့်သုံးနေသော ၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ပယ်ဖျက်သွားမည်ဖြစ်ပြီး ၂၀၁၅ မော်တော်ယာဉ်ဥပဒေတွင် အခန်း (၁၄) ခန်းနှင့် ဥပဒေ ပုဒ်မ ၈၂ ချက်ပါဝင်ကာ ယခုဆွေးနွေးနေသော ဥပဒေကြမ်းတွင် အခန်း (၁၄) ခန်းနှင့် ဥပဒေပုဒ်မ ၉၈ ချက်ပါဝင်ကြောင်းသိရသည်။

Author