အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့တော်ခန်းမရှေ့တွင် Reflection Band များကိုပေးလှူသည့် Campaign ကျင်းပခဲ့

0

Full article

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးနှင့် မြန်မာဣစ္ဆာသယ ဖြန့်ဖြူးရေးကုမ္ပဏီလီမိတက်တို့ပူးပေါင်းကာ အများပြည်သူများကို ယာဉ်အန္တရာယ်မဖြစ်စေရန် Reflection Band များပေးလှူသည့် Campaign ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) နှင့် မြန်မာဣစ္ဆာသယ ဖြန့်ဖြူးရေးကုမ္ပဏီလီမိတက်တို့ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၌ လမ်းမပေါ်တွင်သွားလာနေသော အများပြည်သူများယာဉ်အန္တရာယ်မဖြစ်စေရေးအတွက် Reflection Band ပေးလှူခြင်း Campaign ကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့နှင့် မဟာဗန္ဓုလပန်းခြံရှေ့တို့တွင် ညနေ ၅ နာရီမှ ၆ နာရီ အထိပြုလုပ်ခဲ့သည်။

“ရောင်ပြန်လေးတွေကို အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးကနေ နမူနာပြတော့ အဲဒီနမူနာအတိုင်း နိုင်ငံခြားကိုလှမ်းမှာပြီး အခုလိုလှူဖို့စီစဉ်တာပါ။ အများပြည်သူတွေ ညဘက်သွားလာတဲ့အခါမှာ ရောင်ပြန်လေးတွေတပ်ထားတော့ ကားမီးထိုးလိုက်တာနဲ့ တန်းမြင်ရတော့ အန္တရာယ်ကင်းတာပေါ့။ အဲဒီရောင်ပြန်လေးတွေကို လက်မှာပတ်ရင်ပတ်၊ မဟုတ်ရင်လည်း အိတ်တွေမှာချိတ်ထားပေါ့။ အဲဒီလိုလုပ်လို့ရအောင် ပေးလှူသွားမှာပါ။ မြို့တော်ခန်းမရှေ့နဲ့ မဟာဗန္ဓုလပန်းခြံရှေ့တွေမှာ ညနေ ၅ နာရီကနေ ၆ နာရီအထိ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။” ဟု မြန်မာဣစ္ဆာသယ ဖြန့်ဖြူးရေးကုမ္ပဏီလီမိတက်၏ Marketing Manager ကိုဝေယံဘို မှပြောခဲ့သည်။

“ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ အမျိုးသားအဆင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်းပြီး စီမံချက်တွေချမှတ်ကာ စနစ်တကျဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပညာပေးအစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်သွားရန်လည်းပါဝင်ပါတယ်။ ဒီနေ့လုပ်တဲ့အစီအစဉ်ဟာ ပညာပေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ လမ်းသွားလမ်းလာတွေအနေနဲ့ ဒီရောင်ပြန်ပြားလေးတွေကို လက်မှာတပ်ပြီး ညအချိန်တွေမှာ လမ်းလျှောက်မယ်၊ လမ်းဖြတ်ကူးမယ်ဆိုရင် မော်တော်ယာဉ်တွေက မီးထိုးလိုက်ရင် ရောင်ပြန်ဟပ်ပြီး သတိထားမိမှာဖြစ်တဲ့အတွက် ဒီရောင်ပြန်ပြားလေးတွေကို အခုလိုဝေငှရခြင်း ဖြစ်ပါတယ်။ ဒီ Reflection Band တွေကို ကိုရီးယားနိုင်ငံက မှာယူထားတယ်လို့ သိရပါတယ်။ ဒါလေးတွေကို လက်မှာ၊ ဒါမှမဟုတ် အိတ်တွေမှာ တပ်ဆင်ပြီးသွားလာမယ်ဆို မော်တော်ယာဉ်တွေအနေနဲ့ အလွယ်တကူသတိထားမိပြီး ရှောင်ရှားမောင်းနှင်နိုင်မှာပဲဖြစ်ပါတယ်။” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် အမှတ် (၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်မှ ဖြေကြားသွားခဲ့သည်။

Reporter : Zing

Author