မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကိစ္စပြီးစီးပါက မော်တော်ယာဉ်မူဝါဒပိုင်းဆိုင်ရာတွင် ထူးခြားသောအပြောင်းအလဲရှိတော့မည်မဟုတ်ဟု ဒေါက်တာစိုးထွန်းပြောကြား

0

Full article

မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကိစ္စပြီးစီးပါက မော်တော်ယာဉ်မူဝါဒပိုင်းဆိုင်ရာတွင် ထူးခြားသောအပြောင်းအလဲရှိတော့မည်မဟုတ်ဟုထင်မြင်မိကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း မှ ပြောကြားခဲ့သည်။


“မော်တော်ယာဉ်တင်သွင်းခွင့်ကို စပြီးခွင့်ပြုခဲ့တာ ၂၀၁၁ ခုနှစ်က စပြီးခွင့်ပြုခဲ့ပါတယ်။ အခုဆို ၈ နှစ်ကျော် ၉ လောက်ပဲရှိပါသေးတယ်။ စပြီးခွင့်ပြုတုန်းက ဘာဖြစ်ခဲ့လဲဆိုတော့ လူတိုင်းကားစီးနိုင်ရေးဆိုပြီး တင်သွင်းခွင့်မော်ဒယ်ကို ၁၀ နှစ်လောက်ကို ခွင့်ပြုခဲ့ပါတယ်။ နောက် ညာမောင်းကားပေါ့။ Use ကားတွေမှာဆို ညာမောင်းဂျပန်ကားမှပဲ ဈေးသက်သာတာပေါ့။ ရွေးစရာလည်းများတာပေါ့။ အဲဒါကြောင့် ညာမောင်းကားတွေကို တင်သွင်းခွင့်ပြုခဲ့တယ်။ နောင်မှာတော့ နှစ်အလိုက်မူဝါဒကို ပြောင်းလဲခဲ့ပါတယ်။ ပြောရရင်တော့ ကားတင်သွင်းတာနဲ့ပတ်သက်ရင် အချိန်ကာလ တိုတာကတစ်ကြောင်း၊ နောက်တစ်ချက်က လူတိုင်းကားစီးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သွားခဲ့ပါတယ်။ အဲဒါက အခုဆို တဖြည်းဖြည်းနဲ့ အတည့်ဘက်ကို ပြန်ရောက်လာပါပြီ။ လက်ရှိပေါ်လစီမှာတော့ ဘယ်မောင်းဖြစ်သွားတယ်။ တင်သွင်းခွင့်မော်ဒယ်ကိုလည်း ၃ နှစ်သတ်မှတ်လိုက်တာကြောင့် လက်ရှိမှာပေါ်လစီကတော့ ငြိမ်လာပါပြီ။ အခုကျန်နေတာကတော့ အမည်ပေါက်ပြောင်းလဲတဲ့ကိစ္စပေါ့။ ဒါကိုလည်းအခု ကညန က ကိုင်တွယ်နေပါတယ်။ ဒါပြီးရင်တော့ မော်တော်ကားနဲ့ပတ်သက်ရင် ထူးခြားတဲ့အပြောင်းအလဲ သိပ်တော့မရှိတော့ပါဘူး။ ပုံစံတော့ပြောင်းလာတယ်လို့မြင်ပါတယ်။”

ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းမှ “မျက်မှောက်ရေးရာအဖြာဖြာ” အစီအစဉ်တွင် ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်အတွက်မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်များသတ်မှတ်ရာတွင် (၁) ယာဉ်အို/ဟောင်းအစီအစဉ် (Consignment စနစ်အပါအဝင်) တွင် လူစီးမော်တော်ယာဉ်များ (၁,၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များအပါအဝင်) ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)၊ (၂) ကုန်တင်ယာဉ်များ - ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)၊ (၃) ခရီးသည်တင်ယာဉ်များ (Mini Bus/City Bus/Express Bus) ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင် (ဘယ်မောင်း) ဟုသတ်မှတ်ထားပြီး လူပုဂ္ဂိုလ်တစ်ဦးခြင်းအစီအစဉ်တွင် (၁) လူစီးမော်တော်ယာဉ်များ (၁,၃၅၀ စီစီနှင့်အောက်) ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ် (ဘယ်မောင်း)၊ (၂) ကုန်တင်ယာဉ်များ - ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် အတွင်း( ဘယ်မောင်း)၊ (၃) ခရီးသည်တင်ယာဉ်များ( Mini Bus/City Bus/Express Bus) - ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း) ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်းသိရသည်။

Author