YPS စနစ်အတွက် ငွေပေးချေကတ်များ ဖြန့်ဖြူးရောင်းချခြင်းနှင့် ငွေဖြည့်သွင်းခြင်းလုပ်ငန်းများကို ယနေ့ (၁၆.၇.၂၀၂၀) ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်

0

Full article

(Yangon Payment Service) YPS စနစ်အတွက် ငွေပေးချေကတ်များ ဖြန့်ဖြူးရောင်းချခြင်းနှင့် ငွေဖြည့်သွင်းခြင်းလုပ်ငန်းများကို ယနေ့ (၁၆.၇.၂၀၂၀) ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  Asia Starmar Transport Intelligent Co.ltd ထံမှသိရသည်။

Yangon Payment Service (YPS) စနစ်ကို လာမည့် ဇွန်လ ၂၁ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး ငွေပေးချေကတ်များ ရောင်းချခြင်းနှင့် ငွေဖြည့်သွင်းသည့်ဝန်ဆောင်မှုများကို ဇူလိုင်လ ၁၆ ရက်နေ့ (ယနေ့) တွင် စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုအတွက် YPS Service Center ၃ ခုကို ဆူးလေ၊ သမိုင်းနှင့် တာမွေမြို့နယ်တို့တွင် ထားရှိသွားမည်ဖြစ်ပြီး YPS အမှတ်တံဆိပ်ပါ ဆိုင်းဘုတ်အမှတ်အသားများချတ်ဆွဲထားသည့် G&G ဆိုင်ပေါင်း ၁၀၂ ဆိုင်တွင်လည်း ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ ငွေပေးချေကတ်ဈေးနှုန်းများမှာ တစ်ကတ်လျှင် ၂,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး ငွေဖြည့်သွင်းရာတွင် အနည်းဆုံး ၁,၀၀၀ ကျပ်မှ အများဆုံး ၅၀,၀၀၀ ကျပ်အထိထည့်သွင်းနိုင်မည်ဖြစ်သည်။ ၁၆.၇.၂၀၂၀ ရက်နေ့မှ ၁၅.၈.၂၀၂၀ ရက်နေ့အတွင်း promotion ကာလအနေဖြင့် ၅,၀၀၀ကျပ် ကနဦးငွေဖြည့်သွင်းပါက YPS ကတ် တစ်ကတ် အခမဲ့ရရှိမည်ဖြစ်သည်။ ကတ်အသုံးပြုရာတွင် သတိပြုရမည့်အချက်အနေဖြင့် ကတ်ကို Bus Validator နှင့် တတ်နိုင်သမျှ နီးကပ်စွာထားရှိရမည်ဖြစ်ပြီး အများဆုံး ၁၀ စင်တီမီတာအကွာအဝေးတွင်ထားရှိရမည်ဖြစ်သည်။ ကတ်ကို ထိရမည့်နေရာတွင်သာ ထိရမည်ဖြစ်ပြီး ကတ်ထိခြင်းလုပ်ဆောင်ချက်မအောင်မြင်ပါကလည်း အသုံးပြုသူအနေဖြင့် ကတ်ကို အဆက်မပြတ် ဘယ်/ညာ ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ ကတ်ကို သေချာစွာ ထပ်မံထိကပ်ရမည်ဖြစ်သည်။

YPS စနစ်ကို စတင်ဆောင်ရွက်မည့်ယာဉ်လိုင်းများမှာ YBPC ကုမ္ပဏီမှ ယာဉ်လိုင်းများဖြစ်သော ၄၃၊ ၆၂၊ ၇၂ ၊ ၈၇ - ၀၁၊ ၈၇ - ၀၂ ၊ ၈၈ ၊ ၈၉ - ၀၁ ၊ ၈၉ - ၀၂ ၊ ၉၆ -  ၀၁ ၊ ၉၆ - ၀၂ ၊ စုစုပေါင်း ယာဉ်လိုင်း (၇) လိုင်း၊ လမ်းကြောင်း ၁၀ ခု၊ ယာည်အရေအတွက် ၃၆၃ စီးနှင့် ဗန္ဓုလ ယာဉ်လိုင်းကုမ္ပဏီမှ ယာဉ်လိုင်းများဖြစ်သော ၁၂၊ ၁၄၊ ၂၅၊ ၃၀ - ၁၊ ၃၀ - ၂၊ ၃၈၊ ၅၅ စုစုပေါင်းယာဉ်လိုင်း (၆) လိုင်း၊ လမ်းကြောင်း (၇) ခု၊ ယာဉ်အစီးရေ ၂၃၄ စီးဖြင့် စတင်သွားမည်ဖြစ်ကြောင်းသိရသည်။

Author