ဖောင်းကြွနံပါတ်ပြားဈေးနှုန်းများကို တင်ဒါအောင်ကုမ္ပဏီဘက် ဈေးနှုန်းလျှော့ချပါက မော်တော်ယာဉ်နှင့်ထော်လာဂျီအား ၁,၀၀၀ ကျပ်နှင့် သုံးဘီးမော်တော်ယာဉ်အား ၅၀၀ ကျပ် လျှော့ချပေးသွားမည်

0

Full article

မော်တော်ယာဉ်၊ ထော်လာဂျီနှင့် သုံးဘီးမော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်းများကို တင်ဒါအောင်ကုမ္ပဏီဘက် ဈေးနှုန်းလျှော့ချပါက မော်တော်ယာဉ်နှင့်ထော်လာဂျီအား ၁,၀၀၀ ကျပ်နှင့် သုံးဘီးမော်တော်ယာဉ်အား ၅၀၀ ကျပ်ဆီ လျှော့ချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

"မော်တော်ယာဉ်မှတ်ပုံတင် နံပါတ်ပြား(Registration Number Plate of a Motor Vehicle) ဆိုသည်မှာ မော်တော်ယာဉ်၏ မှတ်ပုံတင်အမှတ်ကိုဖော်ပြလျက် မော်တော်ယာဉ်၏ အရှေ့နှင့်အနောက်တွင် တပ်ဆင်အသုံးပြုရန်လည်းကောင်း၊ မော်တော်ဆိုင်ကယ်၏ မှတ်ပုံတင်အမှတ်ကို ဖော်ပြလျက် မော်တော်ဆိုင်ကယ်၏အနောက်တွင် တပ်ဆင်အသုံးပြုရန်လည်းကောင်း၊ ဦးစီးဌာနက ထုတ်ပေးထား သော နံပါတ်ပြားကိုဆိုလိုသည်" ဟု ဖော်ပြထားပါကြောင်း၊ မော်တော်ယာဉ်မှတ်ပုံတင်နံပါတ်နှင့် အရည်အသွေး၊ အရွယ်အစား၊ လုံခြုံမှုအချက်အလက်များကို ဌာနကသတ်မှတ်ပေးပြီး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက ရိုက်နှိပ်၍ မှာယူသည့် သက်ဆိုင်ရာရုံးများသို့ ပစ္စည်းအရောက်ပို့ စနစ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး မှတ်ပုံတင်ထားသောယာဉ်တွင် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားကို ဌာနကစိစစ်ပြီး Lock Seal နှင့်အတူ တပ်ဆင်ပေးခြင်းဖြစ်ပါကြောင်း၊ လုံခြုံမှုအဆင့်အတန်းဝင် ဖောင်းကြွနံပါတ်ပြားလုပ်ငန်းကို ၅ နှစ်တစ်ကြိမ် တင်ဒါစနစ်ဖြင့်ခေါ်ယူ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့်သာ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်မြို့ (မြင်သာရုံး၊ ရွာသာကြီးရုံး၊ ထောက်ကြန့်ရုံး) ၊မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့တို့တွင် ဖောင်းကြွနံပါတ်ပြားထုတ်လုပ်သည့် စက်ရုံ (၇) ရုံ ရှိပြီး လုံခြုံမှုအဆင့်အတန်းဝင် ပစ္စည်းများဖြစ်သောကြောင့် လုံခြုံရေးအစီအမံအရ စက်ရုံအဆောက်အဦကို ဌာနပိုင်ရုံးဝင်းအတွင်း၌ပင် ရင်းနှီးမြှုပ်နှံသူအစီအစဉ်ဖြင့် ဆောက်လုပ်စေခဲ့ပြီး ဖောင်းကြွနံပါတ်ပြားထုတ်လုပ်သည့် စက်ရုံနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများကို တင်ဒါအောင်မြင်သူက ရင်းနှီးစိုက်ထုတ် ကျခံဆောင်ရွက်စေခဲ့ပြီး နိုင်ငံတော်က ဖောင်းကြွနံပါတ်ပြား၏ တန်ဖိုးကိုသာပေးချေပါကြောင်း၊ ၁၃.၃.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် ၃/၂၀၂၀ က လက်ရှိတင်ဒါအောင်မြင်သည့် Shwe Dain (S &S) Co.,ltd နှင့်ဈေးနှုန်းလျှော့ချအဆိုပြုချက်နှင့် နောက်ထပ်သက်တမ်း ၅နှစ် သတ်မှတ်၍ တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုရန် ကိစ္စကို မူအားဖြင့် သဘောတူခဲ့ပြီး နိုင်ငံတော်သမ္မတရုံးကို ဆက်လက်တင်ပြခဲ့ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စီးပွားရေးကော်မတီသို့ တင်ပြဆောင်ရွက်ရန် အကြောင်းကြားလာပါသဖြင့် ၂၈.၅.၂၀၂၀ နေ့တွင် စီးပွားရေးရာကော်မတီသို့ ဆက်လက်တင်ပြ ထားပါကြောင်း၊ နိုင်ငံတကာတွင်အသုံးပြုနေသည့် မော်တော်ယာဉ်နံပါတ်ပြားများနည်းတူ လုံခြုံရေးဆိုင်ရာအချက်အလက် (Security Feature) ၅ ခုကို ၁၁.၁.၂၀၁၉ ရက်နေ့မှစ၍ ထပ်မံတိုးမြှင့်ထည့်သွင်းရိုက်နှိပ်ပေးလျက်ရှိပြီး လုံခြုံရေးဆိုင်ရာအချက်အလက်များကို သိရှိစစ်ဆေး နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးထားပြီးဖြစ်ပါကြောင်း၊ ဖောင်းကြွနံပါတ်များကို ရောင်းချခြင်း၊ တင်ဒါအောင်ကုမ္ပဏီသို့ ပေးချေခြင်းနှင့် နိုင်ငံတော်မှရရှိခြင်း အခြေအနေများမှာ မော်တော်ယာဉ် ၊ ရေတွက်ပုံ (စုံ)၊ ဈေးနှုန်း (၁၀,၀၀၀)ကျပ်၊ ပေးချေနှုန်း (၈,၅၀၀)ကျပ်၊ ရရှိငွေ (၁,၅၀၀) ကျပ်၊ ထရော်လာဂျီ၊ ရေတွက်ပုံ(စုံ)၊ ဈေးနှုန်း (၁၀,၀၀၀) ကျပ်၊ ပေးချေနှုန်း (၈၅၀၀) ကျပ် ၊ ရရှိငွေ (၁၅၀၀)၊ သုံးဘီးမော်တော်ဆိုင်ကယ် ၊ ရေတွက်ပုံ (စုံ) ၊ဈေးနှုန်း (၅,၀၀၀) ကျပ်၊ ပေးချေနှုန်း (၃,၅၀၀ ) ကျပ်၊ ရရှိငွေ ( ၁,၅၀၀ )ကျပ် ၊ မော်တော်ဆိုင်ကယ် ၊ ရေတွက်ပုံ (ချပ်) ၊ ဈေးနှုန်း (၂,၅၀၀)ကျပ်၊ ရရှိငွေ (၁,၇၅၀)ကျပ်၊ ပေးချေနှုန်း(၇၅၀)ကျပ်၊ဖောင်းကြွနံပတ်ပြားဈေးနှုန်းအား ကုမ္ပဏီဘက်မှ လျော့ချရပါက မော်တော်ယာဉ်နှင့် ထော်လာဂျီအား ၁၀၀၀ကျပ် သုံးဘီးမော်တော်ဆိုင်ကယ်အား ၅၀၀ ကျပ်ဆီ လျှော့ပေးနိုင်ပါကြောင်း၊” ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်နေ့တွင်ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ “ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်နှင့် အခြားစက်တပ်ယာဉ်ဖောင်းကြွနံပါတ်ပြားများ အသစ်ပြောင်းခဲတပ်ဆင်ရာတွင် မည်သည့်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် နိုင်ငံတော်မှ မည်ကဲ့သို့အကျိုးအမြတ်ရသည်” ဟူသောမေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Author