ရန်ကုန်တိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်အရေအတွက်များ ထပ်မံလိုအပ်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးပြောကြား

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်လျှင် ယာဉ်စီးရေ ၄,၂၀၀ခန့် ရောင်းချပေးနေရပြီး စက်သုံးဆီအရောင်းဆိုင်အရေအတွက်မှာ လုံလောက်ခြင်းမရှိဘဲ ဆိုင်အရေအတွက်ထပ်မံလိုအပ်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုရရှိဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်းဆိုင်အရေအတွက်သည် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ ၁၃၉ ဆိုင်၊ စည်ပင်သာယာနယ်နိမိတ်ပြင်ပ၌ ၄၉ ဆိုင်၊ စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် ၁၈၈ ဆိုင်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားသော ယာဉ်ကြီး၊ ယာဉ်ငယ်အစီးရေ စုစုပေါင်း (၇၈၄,၉၉၉) စီးရှိသည့်အပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အချို့သည်လည်း ရန်ကုန်တိုင်းအတွင်းသို့ ဝင်ထွက်သွားလာအသုံးပြုနေခြင်းကြောင့်လည်းကောင်း၊ ဆိုင်တစ်ဆိုင်လျှင် ပျမ်းမျှယာဉ်စီးရေ (၄,၂၀၀) ခန့်ဖြန့်ဖြူးပေးနေရပါကြောင်း၊ လက်ရှိဖွင့်လှစ်ထားသည့် အရောင်းဆိုင်အရေအတွက်နှင့် အဆိုပါ ယာဉ်အစီးရေတို့အရ စက်သုံးဆီဖြန့်ဖြူးရောင်းချရန် လုပ်ဆောင်ရသည့် ဝန်နှင့်အား မျှတစေရန် လည်းကောင်း၊ ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်များ သက်သောင့်သက်သာ စက်သုံးဆီဝယ်ယူ ဖြည့်တင်းနိုင်ရေးအတွက် လက်ရှိစက်သုံးဆီအရောင်းဆိုင် အရေအတွက်သည် ပိုလျှံခြင်းမရှိဘဲ ထပ်မံလိုအပ်လျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့သည်။


၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း စက်သုံးဆီအရောင်းဆိုင်မည်မျှရှိပြီး လိုအပ်သည့်အရေအတွက်ထက် ပိုလျှံခြင်း ရှိ/မရှိ ဟူသောမေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Author