ကြီး/ကော် အား မော်တော်ယာဉ်မူဝါဒကြီးကြပ်မှုဆိုင်ရာ ကော်မတီပေါ်ပေါက်လာပါက ဖျက်သိမ်းသွားမည်ဟု စီး/ကူး ဒုဝန်ကြီးဆို

0

Full article

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ( ကြီး/ကော်)၏ ဆောင်ရွက်နေမှုများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး၊ လိုအပ်ပါက ပြန်လည်ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကာ မော်တော်ယာဉ်မူဝါဒကြီးကြပ်မှုဆိုင်ရာ ကော်မတီပေါ်ပေါက်လာပါက ကြီး/ကော် ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးမှ ပြောကြားခဲ့သည်။

“မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဦးဆောင်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ၂၀၁၆ ခုနှစ်၊ ဧပရယ်လ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒကို အခွန်တိုးတက်ရရှိရေးတစ်ခုတည်းအတွက် ကြည့်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏ လမ်းစနစ်ဖြင့်ကိုက်ညီစေခြင်း၊ မော်တော်ယာဉ်အန္တရယ်ကင်းရှင်းစေခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကို အထောက်အကူပြုစေခြင်း၊ နိုင်ငံခြားငွေကုန်ကျမှုကို ချွေတာနိုင်စေခြင်း၊ ပြင်ဆင်စရိတ်နှင့် မော်တော်ယာဉ်အပိုပစ္စည်း တင်သွင်းမှုကို လျော့ချနိုင်စေခြင်း၊ ခေတ်မီနည်းပညာ လွှဲပြောင်းရရှိစေခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များဖန်တီးနိုင်စေခြင်း၊ မော်တော်ယာဉ်နှင့်စပ်ဆက်လုပ်ငန်းများ ထွန်းကားနိုင်စေခြင်း စသည့် အချက်များကို အခြေခံဆောင်ရွက်ခဲ့ကြောင်း၊ 3S Showroom များ ပြည်တွင်း၌ထွန်းကားစေမည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်စေရန် အတွက် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေး ကော်မတီ(ကြီး/ကော်) မှ မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒစတင်ပြောင်းလဲသည့် ၂၀၁၁ ခုနှစ်မှစတင်ကာ အိမ်နီးချင်း နိုင်ငံများနည်းတူ ပြည်သူများအနေဖြင့် မော်တော်ယာဉ်များကို ဈေးနှုန်း သက်သာစွာ ဝယ်ယူစီးနင်းနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လက်ရှိပြုပြင်ပြောင်းလဲမှုများကိုလည်း ယခုထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်သုံးသပ်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက ကြီး/ကော် ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ စီမံကိန်း၊ စက်မှုနှင့် စက်မှုဝန်ကြီးဌာနမှ ရေးဆွဲနေသော မော်တော်ယာဉ်ထုတ်လုပ်တပ်ဆင်ခြင်းဆိုင်ရာ ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက မော်တော်ယာဉ်မူဝါဒ ကြီးကြပ်မှုဆိုင်ရာ ကော်မတီတစ်ရပ် ပေါ်ပေါက်လာပါက ကြီး/ကော် ဟာ ဆက်လက်တည်ရှိရန် မလိုအပ်တော့သည့်အတွက် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း"

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ပြောကြားခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖျာပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ် မှ မော်တော်ယာဉ်ဆိုင်ရာမူဝါဒများ အလျှင်အမြန်အကောင်အထည် ဖော်နိုင်ရေးအတွက် မော်တော်ယာဉ်မူဝါဒဆိုင်ရာ ကော်မတီတစ်ရပ် အလျှင်အမြန်ဖွဲ့စည်းသင့်ကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ လက်ရှိဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင့် အကြံပြုဆွေးနွေးခဲ့သည်။

Author