Delivery van အုပ်စု C နှင့် D ပါကားများအပေါ် ကောက်ခံသော ဒဏ်ကြေးများပြားလွန်း၍ ယနေ့အထိလာရောက်ထုတ်ယူခြင်းမရှိသေး

0

Full article

ပြည်ပနိုင်ငံများမှ တင်သွင်းလာသော လုပ်ငန်းသုံး delivery van ကားများဖြစ်သည့် အုပ်စု C အတွက် 1/4 AV ဒဏ်ကြေးနှင့် အုပ်စု D အတွက် 1/AV (လူစီးကားအဖြစ်) ဒဏ်ကြေးကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် သတ်မှတ်ထားရှိခဲ့ပြီး ဒဏ်ကြေးများပြားလွန်း၍ ယနေ့အထိ ယာဉ်တစ်စီးမှ လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း အကောက်ခွန်ဦးစီးဌာနထံကနေ သိရသည်။

ဆိပ်ကမ်းနှင့် နယ်စပ်ကနေ တင်သွင်းလာသော delivery van အုပ်စု C ကားများအတွက် 1/12 AV နှင့် အုပ်စု D ကားများအတွက် 1/2 AV အထိ ဒဏ်ကြေးအသီးသီး လျှော့ပေါ့ပြင်ဆင်ပေးရန် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီ အစည်းအဝေးတွင် တင်ပြထားရှိခဲ့သော်လည်း ဒဏ်ကြေးဖြေလျော့ပေးခြင်းမရှိခဲ့ ကြောင်းသိရသည်။

" Delivery van အုပ်စု C ကို 1/4 AV နှင့် အုပ်စု D ကို 1/AV ဒဏ်ကြေးသတ်မှတ်ထားတယ်။ ဒီအုပ်စုထဲက ဒဏ်ကြေးနဲ့တော့ ဒီနေ့အထိတော့ ကားလာထုတ်တာတစ်စီးမှမရှိသေးပါဘူး။ ဒဏ်ကြေးနဲ့တော့ ကားလာထုတ်မယ်ဆိုရင်ထုတ်ဖို့လုပ်ပေးပါတယ်။"ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလကတည်းက တင်သွင်းခဲ့သည့် အဆိုပါ delivery van ကားများ၏ ဒဏ်ကြေးများမှာ အုပ်စု C အတွက် (1/4 AV ဒဏ်ကြေး) ကားတစ်စီးကို ၃၃ သိန်းနှင့် အုပ်စု D အတွက် (1/AV ဒဏ်ကြေး) ကားတစ်စီးကို ၁၃၅ သိန်း အထိ ကျသင့်မည်ဖြစ်ရာ ကားများထုတ်ယူနိုင်ရန် မလွယ်ကူကြောင်းသိရသည်။

ဆိပ်ကမ်းမှ တစ်ဆင့်တင်သွင်းလာသည့် delivery van အုပ်စု C ကားအစီးရေ ၃၃၈ စီး၊ နယ်စပ်မှ တင်သွင်းထားသော အုပ်စု C ကားအစီးရေ ၇ဝဝ စီးနှင့် အုပ်စု D ကားအစီးရေ ၆ဝဝ စီး ရှိကြောင်း သိရသည်။

Author