Delivery Van များကို လုပ်ငန်းသုံးယာဉ်အဖြစ်သာဆက်လက်မှတ်ပုံတင်ထားရှိသွားမည်ဟု ပို့/ဆက် ဒုဝန်ကြီးဆို

0

Full article

Delivery Van များကို ယာဉ်ပိုင်ရှင်များမှ လုပ်ငန်းသုံးယာဉ်အဖြစ် တင်သွင်းခဲ့သော်လည်း လူစီးယာဉ်အဖြစ် ပြောင်းလဲအသုံးပြုနေကြသည့်အတွက် ဒဏ်ကြေးတစ်ရပ်ရပ် သတ်မှတ်ပြီး လူစီးယဉ်အဖြစ်မှတ်ပုံတင်ဆောင်ရွက်ပေးရန် ဆွေးနွေးအကြံပြုချက်အပေါ် သင့်လျော်မှုမရှိသဖြင့် Delivery van အဖြစ်သာ ဆက်လက်မှတ်ပုံတင်ထားရှိသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ ပြောကြားခဲ့သည်။

၂၃ - ၈ -၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော်၊ (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းမှ နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်စည်စီးဆင်းမှုလွယ်ကူစေရန်နှင့် ပြည်သူများဘေးအန္တရာယ်ကင်းစေရန်အတွက်ရည်ရွယ်ကာ မှန်ပြူတင်းပေါက်များအစား သံပြားကပ်ထားသော ကားများကို ကုန်စည်ပို့ဆောင်သောကား (Delivery van) အဖြစ်သတ်မှတ်ကာ အခွန်နှုန်းသက်သာစွာဖြင့် တင်သွင်းခွင့်ပေးခဲ့ပါကြောင်း၊ သို့သော် ပြည်တွင်းရောက်သောအခါ သံပြားခွာ၊ မှန်ပြားကပ်၊ ထိုင်ခုံတပ်ဆင်ပြီးခရီးသည်တင်ယာဉ်၊ လူစီးယာဉ်၊ အိမ်စီး၊ ကျောင်းကား၊ လိုင်းကား များအဖြစ်အသုံးပြုနေကြကြောင်း၊ အဆိုပါပြစ်မှုအတွက် ယာဉ်ထိန်းရဲဖမ်းမိပါက ဒဏ်ငွေ ကျပ် ၂၅၀,၀၀ ကျခံစေပြီး ဖြတ်ပိုင်းနှင့်အတူ ယာဉ်ထိန်းရဲရုံးချုပ်တွင် သွားရောက်ပေးဆောင်နေရကြောင်း၊ သို့သော် အခွန်အခ တန်ရာတန်ကြေးမပေးလိုသည့်အတွက်လည်းကောင်း၊ အချိန်ကုန်မခံလိုခြင်း အလုပ်ရှုပ်မခံလိုခြင်းကြောင့်လည်းကောင်း တာဝန်ရှိသူနှင့်ယာဉ်ပိုင်ရှင်တို့ ညှိနှိုင်းဆောင်ရွက်နေသည့်အတွက် အခွန်ရှောင်မှုအပြင် လာဘ်ပေးလာဘ်ယူမှုများပါဖြစ်ပေါ်နေကြောင်း၊ အဆိုပါကိစ္စများကိုဖြေရှင်းရန် အကန့်အသတ်ဖြင့် ခုနှစ်၊ တန်ဖိုး၊ အမျိုးအစားအလိုက် တရားဝင်ပြင်ဆင်ခွင့်ပေးကာ ဒဏ်ငွေကိုလည်း ၅ သိန်း၊ ၁၀ သိန်း စသဖြင့် ပေးဆောင်စေပါက ယာဉ်ပိုင်ရှင်များလည်းအဆင်ပြေ၊ နိုင်ငံတော်လည်းအခွန်ငွေရ ဖြစ်နိုင်ပါကြောင်းဟူသည့် အကြံပြုဆွေးနွေးချက်အပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ အစည်းအဝေး (၄/၂၀၁၆) တွင် Delivery van အဖြစ်တင်သွင်းလာသောယာဉ်များကို Delivery van သတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ မှတ်ပုံတင်ခွင့်ပြုရန်ဆုံးဖြတ်ထားသဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ Delivery van ယာဉ်သည် လုပ်ငန်းသုံးယာဉ်အမျိုးအစားတွင်ပါဝင်သဖြင့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကို ယာဉ်၏မူလတန်ဖိုး (FOB) ၏ ၅% သာ တွက်ချက်ကောက်ခံ၍  မှတ်ပုံတင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ယာဉ်ပိုင်ရှင်များမှ Delivery ယာဉ်အဖြစ် မှတ်ပုံတင်ပြုလုပ်ပြီးနောက် Delivery ယာဉ်အဖြစ်အသုံးမပြုဘဲ လူစီးယာဉ်အဖြစ် ပြန်လည်ပြုပြင်ပြီးအသုံးပြုနေကြသည့်အတွက် ဒဏ်ကြေးတစ်ရပ်ရပ်သတ်မှတ်ပြီး လူစီးယာဉ်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးရန်မှာ ဈေးနှုန်းသက်သာစွာတင်သွင်းခဲ့ခြင်းနှင့် သင့်လျော်မှုမရှိကြောင်း သုံးသပ်ရပါသဖြင့် Delivery ယာဉ်အဖြစ်သာ ဆက်လက်မှတ်ပုံတင်ထားရှိသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ ၁၂-၆-၂၀၁၄ ခုနှစ်တွင်ပြုလုပ်ခဲ့သော သက်တမ်းကြာမြင့်ယာဉ်များ ပယ်ဖျက်၊ အပ်နှံ၊ အစားထိုး၊ လဲလှယ်ရေးနှင့်ပတ်သက်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၄) တွင် Delivery van ယာဉ်များတင်သွင်းခွင့်ပြုရာ၌ နောက်ဘော်ဒီတွင်သံပြား အသေပိတ်၊ အလုံပိတ်ပုံစံဖြစ်ရန်၊ ဒရိုင်ဘာအခန်းနှင့် နောက်ဘော်ဒီအပိုင်းတို့ကို ကန့်သတ်ထားသည့်ပုံစံပါရှိရန်၊ နောက်ဘော်ဒီကြမ်းခင်း တစ်ပြေးညီဖြစ်ရန်နှင့် နောက်ခန်းတွင်ထိုင်ခုံမပါရန်ဟူ၍ သတ်မှတ်ခဲ့ကြောင်းသိရသည်။

Author