ဆိပ်ကမ်းများနှင့် နယ်စပ်များကနေ တင်သွင်းထားသော delivery van ကားများထုတ်ပေးမှု အချိန်ကြာမြင့်နေ၍ ကားတင်သွင်းသူ ၁ဝဝ ခန့် အကောက်ခွန်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဆန္ဒပြဖော်ထုတ်ရာတွင် ဦးဆောင်တာဝန်ယူသူ ဦးမြတ်မင်းချစ်က လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားရှိကြောင်းသိရသည်။
အဆိုပါ delivery van ကားများအတွက် ဆန္ဒဖော်ထုတ်ရာတွင် ကျောက်တံတားမြို့နယ်ရဲစခန်းတွင် ခွင့်ပြုချက်ရယူကာ ဧပြီ ၃ဝ ရက် တနင်္လာနေ့ နံနက် ၁၁ နာရီမှာ နေ့လည် ၁၂ နာရီအထိ လူအင်အား ၁ဝဝ ခန့်ဖြင့် ရန်ကုန်မြို့ ၊ကမ်းနားလမ်း၊ အကောက်ခွန်ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်သွားရန် စီစဉ်နေလျှက်ရှိကြောင်းသိရသည်။
" delivery van ကားတွေကို အဖွဲ့ ၄ ဖွဲ့နဲ့စစ်နေတာ တော်တော်ကြာနေပြီ။ အခုချိန်ထိ ကားတွေထုတ်ပေးဖို့ ကြာနေတယ်။ ဆိပ်ကမ်းဒဏ်ကြေးတွေကလည်း အများကြီးကျနေပြီ။ လေလံစာရင်းဝင်တဲ့ကားတွေတောင်ရှိတယ်။ တကယ်လို့ သောကြာနေ့အထိ ဘာမှမထူးခြားဘူးဆိုရင် ဧပြီ ၃ဝ ရက် တနင်္လာနေ့မှာ ဆန္ဒထုတ်ဖော်သွားပါမယ်။"ဟု ဆန္ဒပြဖော်ထုတ်ရာတွင် ဦးဆောင်တာဝန်ယူသူ ဦးမြတ်မင်းချစ်က ပြောကြားသည်။
ထိုကဲသို့ delivery van ကားများအတွက် ဆန္ဒဖော်ထုတ်ရာမှာ delivery van ကားများထုတ်မပေးဘဲ ရပ်ဆိုင်းထား သည်မှာအချိန် (၃)လ နီးပါးရှိလာခဲ့ပြီဖြစ်၍ ကားတင်သွင်းထားသူများနှင့် စီးနင်းရန်ဝယ်ယူတင်သွင်းထားသူများသည် ကုန်ကျစရိတ်များနှင့် အခက်အခဲများကြုံတွေ့လာရသည့်အတွက် ဆိပ်ကမ်းတွင်ရောက်ရှိနေသော delivery van ကားများကို အမြန်ဆုံး စိစစ်၍ ထုတ်ပေးနိုင်ရန် ၊ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ဒဏ်ကြေး ကင်းလွတ်ရန်၊ မကိုက်ညီ သည့်ကားများကို ကြီးကော်မှသတ်မှတ်သည့် ဒဏ်ကြေးများ၊ အခွန်အခများ ကောက်ယူ၍ ထုတ်ပေးခြင်း ပြုလုပ်နိုင်ရန် အတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်းသိရသည်။
Interest Group