Delivery Van ကားများ ဒဏ်ကြေးများ၍ ကြီး/ကော်အား အင်အား ၁ဝဝ ခန့်ဖြင့် ဆန္ဒထုတ်ဖော်သွားမည်

0

Full article

ပြည်ပနိုင်ငံများမှ တစ်ဆင့်တင်သွင်းထားရှိသော delivery van ကားများအုပ်စု C ကို သိန်း ၄ဝ နီးပါးဖြင့်လည်းကောင်း၊ အုပ်စု D ကားများကို သိန်းတစ်ရာကျော်အထိလည်းကောင်း ဒဏ်ကြေးကောက်ခံသဖြင့် ဒဏ်ကြေးများပြားလွန်းခြင်းကြောင့် ကားများထုတ်ယူရန်မလွယ်ကူတော့သည်ဖြစ်ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီအား ကားတင်သွင်းသူ ၁ဝဝ ခန့်က မနက်ဖြန်တွင် (ဇူလိုင် ၂၄ ရက်) တာမွေမြို့နယ် ဟစ်တိုင်ကွင်း၌ ဆန္ဒဖော်ထုတ်သွားမှာဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသက တင်သွင်းလာသော delivery van ကားအုပ်စု C တွင်ပါဝင်သည့် ကားများကို 1/4 AV ဒဏ်ကြေးနှင့် အုပ်စု D တွင်ပါဝင်သည့်ကားများကို 1/AV ဒဏ်ကြေးသတ်မှတ်ထားရှိခဲ့ရာ အုပ်စု C ရှိ Hiace/Vanette/Caravan ကားများအတွက် သတ်မှတ်သော 1/4 AV ဒဏ်ကြေးမှာ ၁၉ သိန်းကနေ သိန်း ၄ဝ နီးပါးကျသင့်မည်ဖြစ်ပြီး အုပ်စု D ကားများအတွက် သတ်မှတ်သော 1/AV ဒဏ်ကြေးမှာမူ သိန်း ၁၄ဝ အထိကျ သင့်မည်ဖြစ်၍ ကားများထုတ်ယူရန်မလွယ်ကူတော့သဖြင့် ဒဏ်ကြေးဖြေလျှော့ပေးရန် ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

"Delivery van အုပ်စု C ကားတွေကို 1/2 AV ဒဏ်ရိုက်တာ ကားတင်သွင်းသူတွေ ထုတ်ဖို့မလွယ်ဘူး။ဆိပ်ကမ်းဒဏ်ကြေးကလည်းရှိသေးတယ်။ အခုရိုက်တဲ့ ဒဏ်ကြေးက အရမ်းများလွန်းတယ်။ လုံးဝမမျှတပါဘူး။ဒီကားတွေက သူတို့သတ်မှတ်ထားသလိုပဲ အချက် ၄ ချက်နဲ့ကိုက်ညီလို့ တင်သွင်းလာတာ။ ကားတစ်စီးကို 1/4 AV ဆို ၁၉ သိန်းကနေ သိန်း ၄ဝ လောက်ကျသွားပြီ။ ကားတွေထုတ်ဖို့ဆိုတာမလွယ်တော့ဘူး။ဒါကြောင့် ဇူလိုင် ၂၄ ရက်မှာ တာမွေမြို့နယ် ဟစ်တိုင်ကွင်းမှာ ဆန္ဒပြမယ်။ကျွန်တော်တို့ဘက်က မှန်တဲ့အတွက် အရမ်းနစ်နာလို့ လုံးဝ အလျှော့ပေးမှာမဟုတ်ပါဘူး။"လို့ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးမြတ်မင်းချစ်ကပြောကြားသည်။

Delivery van ကားများဖြစ်သည့် အုပ်စု C ကို ဒဏ်ကြေး 1/4 AV ဖြင့် ထုတ်ယူရမည့်ကားအစီးရေ ၃၃ဝ ကျော် ရှိပြီး အုပ်စု D ကို 1/AV (လူစီးကားအဖြစ်) ဒဏ်ကြေးဖြင့် ထုတ်ယူရမည့်ကားအစီးရေ ၁၅၉၉ စီးရှိနေကြောင်း သိရသည်။

Author