Delivery van အုပ်စု D လူစီးအုပ်စုဝင် ကားများ CIF တန်ဖိုးသတ်မှတ်

0

Full article

နယ်စပ်က တင်သွင်းထားရှိသော delivery van အုပ်စု D လူစီးကား ၁,၃၅ဝ စီစီအောက်နှင့် အထက် ကားများကို CIF တန်ဖိုးအသီးသီးသတ်မှတ်ထားရှိပြီး သြဂုတ်လကုန်အထိ ယာဉ်မစစ်ရသောကားများကို လိုင်စင်မဲ့ကားအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

Delivery van ကားများဖြစ်သော အုပ်စု D ပါကားများမှာ လူစီးအုပ်စုဝင်ကားများဖြစ်ပြီး ၂ဝဝ၈ မိုဒယ်မှ ၂ဝ၁၁ မိုဒယ်အထိတင်သွင်းလာသောကားများဖြစ်ရာ CIF တန်ဖိုး ၁၁,ဝဝဝ အထိ ဒဏ်ကြေးသတ်မှတ်ထားသည့်အတွက် ကားများထုတ်ယူရန်မလွယ်ကူကြောင်းနှင့် လိုင်စင်ပါဈေးနှုန်းဖြင့်သာ သတ်မှတ်ထုတ်ယူခွင့်ပေးသင့်ကြောင်း ကားတင်သွင်းများထံမှ သိရသည်။

" နယ်စပ်က တင်သွင်းထားတဲ့ delivery van အုပ်စု D ကားတွေကို CIF တန်ဖိုးအတိုင်းသတ်မှတ်ထားပါတယ်။ ကားတွေကို ယာဉ်စစ်ထားဖို့လိုပါတယ်။ ကြီးကော်အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း သြဂုတ်လ ၃၁ ရက်အထိပဲ ကားတွေယာဉ်စစ်လုပ်ငန်းတွေလုပ်ပေးမယ်။အဲ့ဒီနောက်ပိုင်းက ကားတွေကိုတော့လုပ်ငန်းဆောင်ရွက်ပေးမှာမဟုတ်တော့ပါဘူး။"ဟု အကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အုပ်စု D ဖြစ်သော လူစီးအုပ်စုဝင် မော်တော်ယာဉ်များနှင့်ပတ်သက်၍ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၈) အရ အဆိုပါ ကားများကို လူစီးယာဉ်အဖြစ်သတ်မှတ်၍ type ကွဲလွဲခြင်းအတွက် ဒဏ်ကြေး 1/AV ပေးဆောင်စေကာ အကောက်ခွန်ဦးစီးဌာန နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခကောက်ခံခြင်းနှင့် ယာဉ်မှတ်ပုံတင်ခြင်းအတွက် လူစီးယာဉ်အုပ်စု အခွန်နှုန်းထား အတိုင်းသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေငြာထားသည်။

Regulation

Author