မော်တော်ယာဉ်များကနဦးမှတ်ပုံတင် လုပ်ငန်းဆောင်ရွက်မည့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ (dangerous goods) သယ်ဆောင်သည့် ယာဉ်များကိုမေလ ၂ ရက်ယနေ့ကစပြီး ယာဉ်စစ်ဆေးရေး စက်ကိရိယာ (multi stage test lane) များဖြင့် စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။
မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင် လုပ်ငန်းဆောင်ရွက်မည့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ (dangerous goods) သယ်ဆောင်သည့် ယာဉ်များအား အများပြည်သူဆိုင်ရာလမ်းမများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေးနှင့် မော်တော်ယာဉ်ကြောင့် ဖြစ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးအတွက် ယာဉ်စစ်ဆေးရေး စက်ကိရိယာများ (multi stage test lane) ဖြင့် စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
"Dangerous goods တင်ဆောင်သည့်ယာဉ်ဖြစ်ကြောင်း မော်တော်ယာဉ်၏ သတ်မှတ်ထားသည့်နေရာ၌ အမှတ်အသားပြ သတ္တုပြားအချပ် (placard) နှင့် အမှတ်အသား (mark) တပ်ဆင်မောင်းနှင်ရမှာပါ။ အန္တရာယ်ရှိသော ကုန်ပစ္စည်းများ (dangerous goods) သယ်ဆောင်တဲ့ ယာဉ်တွေကို ဒီနေ့ကစပြီး ယာဉ်စစ်ဆေးရေး စက်ကိရိယာနဲ့ စစ်ဆေးပြီးမှပဲ ယာဉ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးမှာပါ။ Dangerous goods သယ်ဆောင်တဲ့ ယာဉ်တွေ ကုန်ပစွည်းတွေ သယ်ဆောင်မောင်းနှင်တဲ့အခါ ယာဉ်အတွင်း ယာဉ်မောင်းနဲ့ ယာဉ်လုပ်သားများကလွဲပြီး ခရီးသည် တင်လို့မရပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လုပ်ငန်းသုံးကားကြီးများကို ကညနတွင်ယာဉ်မှတ်ပုံတင်မှုနှင့် ယာဉ်သက်တမ်းတိုးပြုလုပ်ရာတွင် ယာဉ်ကြံ့ခိုင်မှုရှိ/မရှိနှင့် မီးခိုးထုတ်လွှတ်မှု အပိုင်းများကို စက်ကိရိယာများ test lane ဖြင့် ရွာသာကြီး ကညနတွင် စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။