Full article

ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါ အထူးစီးပွားရေး ဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာ မြေစိုက်တဲအချို့တွင် ကားပစ္စည်း အဟောင်းအချို့ကို ချိတ်ဆွဲထားသည်။

21

ကားစုတ်ကားဟောင်း အချို့ကိုလည်း ပြင်ပတွင် ပိုင်ရှင်မဲ့တွေ့ရသည်။ စက်ဆီကြေးများ ပေကျန်နေသည့် လူအချို့က ဧပြီလ နွေနေပူအောက်တွင် ကားအဟောင်းများ အတွင်းမှ ပစ္စည်းများကို ဖြုတ်ယူနေကြသည်။ ယင်းနေရာကား မြန်မာနိုင်ငံ၏ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံရာနေရာဖြစ်သည့် သီလဝါသင်္ဘောဖျက်စက်ရုံ (သို့မဟုတ်) ကားအရည်ကျိုသည့် စက်ရုံဖြစ်သည်။ ခြံဝင်းကျယ်ကြီးအတွင်းတွင်မူ အစီးရေသောင်းနှင့်ချီရှိသည့် ကားအဟောင်းကြီးများ အစုလိုက်အပြုံလိုက် အနားယူနေကြသည်။အစိုးရသစ်လက်ထက် ၂ဝ၁၁ စက်တင်ဘာ ၁၉ ရက်၌ စတင်သော ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲတွင် တစ်နိုင်ငံလုံးမှ နှစ်ပေါင်းများစွာ အသုံးချခံလာသည့် ကားများ၏ နိဂုံးချုပ်ချိန်ကို အထက်ပါစက်ရုံက ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်သည်။ ကားတစ်စီး၏နိဂုံးမှာ ထိုကားအရည်ကျိုစက်ရုံတွင် အဆုံးသတ်သည်ဟု ယေဘုယျ ထင်မြင်ကြသော်လည်း ထိုအမြင်မှာ အပြည့်အဝမမှန်ပေ။ ယာဉ်တစ်စီးလုံးကို သံရည်ကျိုရန် လာရောက်အပ်နှံသော်လည်း အသုံးဝင်နိုင်သေးသည့် ကျန်ကားပစ္စည်းများက ကားသင်္ချိုင်းသို့ မဝင်ရောက်မီ မိနစ်ပိုင်းအလိုတွင် ဈေးကွက်တွင်းသို့ ပြန်လည်စီးဆင်းစေရန် ယင်းနေရာတွင် ဈေးကွက်တစ်ခု ပေါ်ပေါက်နေသည်ကိုတော့ အများစုက ယနေ့အထိ သတိမပြုမိကြသေးပေ။

ကမ္ဘာပေါ်တွင် ဂျပန်တစ်ပတ်ရစ်ကား အသုံးပြုမှုအများဆုံး ထိပ်ဆုံးသုံးနိုင်ငံစာရင်း၌ ပါဝင်လာသည့် မြန်မာနိုင်ငံအနေဖြင့် သက်တမ်းလွန် တစ်ပတ်ရစ် ကားပစ္စည်း အဟောင်းများကိုလည်း အသုံးပြုနေရဆဲဖြစ်ကြောင်း ကားပစ္စည်းအဟောင်း ရောင်းဝယ်သူများက ပြောသည်။ ''သုံးလို့ရနိုင်တာတွေကို ကားအပ်မယ့်ပိုင်ရှင်နဲ့ညှိပြီး ဈေး စကားပြောပြီး အကုန်ဖြုတ်တယ်''ဟု သီလဝါကားသင်္ချိုင်းအနီး၌ ကားပစ္စည်းအရောင်း အဝယ်ပြုလုပ်နေသူ စက်ဆီကြေးများ ခန္ဓာကိုယ်အနှံ့တွင် ပေကျံနေသည့် ကိုစိုးဝင်း က ပြောပြသည်။ ထို့ကြောင့် သံရည်ကျိုကားများထဲမှ အချို့မှာ အရည်ကျိုစက်ရုံတွင် ကားအခွံနှင့် ကျန်ရှိအစိတ်အပိုင်း အနည်းငယ်သာ အရည်ကျိုခွင့်ရခဲ့ပြီး ပြန်လည်သုံးစွဲ၍ ရသမျှပစ္စည်းအချို့မှာ ပြည်တွင်းကားပစ္စည်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်နေသည်ဟု ကိုစိုးဝင်းကဆိုသည်။ ''ကျွန်တော်တို့ကိုယ်တိုင် ဈေးကွက်ထဲသွားစရာမလိုဘူး။ အချိန်တန်ရင် ပွဲစားတွေလာဝယ်တယ်''ဟု ၎င်းကပြောသည်။

အရည်ကျိုဈေးကွက်ဟု ကားလောကမှ လူသိများသည့် ၎င်းဈေးကွက်တွင် မော်ဒယ်မြင့်ကားများမှထွက်ရှိသည့် ကားပစ္စည်းများမှာ ပိုမိုဈေးကောင်းရသဖြင့် သုံးနိုင်သမျှ ပစ္စည်းများအားလုံးကို ဝယ်ယူကြသည်ဟုဆိုသည်။ ''ဟက်တုံးတစ်တုံးဆိုရင် အရည်ကျိုဈေးကွက်ထဲမှာ သိန်း ၁၅ဝ လောက်ရှိတယ်''ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ပေါင်း ၄ဝ ကျော်ကြာ ကားဝပ်ရှော့ဖွင့်လှစ်ထားသည့် ဦးသန်းဝင်းကဆိုသည်။ တစ်ချိန်က အစိုးရကိုယ်တိုင် အားပေးအားမြှောက်လုပ်ခဲ့သည့် စက်မှုဇုန်ထုတ်ကားများ ပြည်တွင်း၌ ထုတ်လုပ်စဉ်ကလည်း ယင်းကားသင်္ချိုင်းမှ ထွက်ရှိသည့် အင်ဂျင်တုံးများက များစွာအသုံးဝင်ခဲ့သည်ဟု ကားသင်္ချိုင်းတွင် ကားပစ္စည်းများဖြုတ်၍ အရောင်းအ ဝယ် ပြုလုပ်နေသူများက ပြောသည်။ ''စက်မှုဇုန်တွေ ခေတ်ကောင်းတုန်းက ဇုန်ကားတွေကို အားကိုးခဲ့ရတာ။ အခုတော့ ဇုန်တွေက ရပ်သွားပြီ။ အဲဒီဘက်က လာဝယ်တဲ့သူ မရှိသလောက်ပဲ''ဟု အင်ဂျင်တုံးများ အရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားတစ်ဦးကဆိုသည်။ ကားပိုင်ရှင်အများစုက ယာဉ်အိုယာဉ်ဟောင်း အပ်နှံရန်အတွက် ဌာနသို့ လာရောက် စလစ်ထုတ်ယူခြင်း၊ အခွန်ဆောင်ခြင်းနှင့် ကညနတံဆိပ်နှိပ်ခြင်းများ ပြုလုပ်ပြီးပါက ချက်ချင်းကားသင်္ချိုင်းသို့ ပို့ဆောင်ခြင်းမရှိကြဘဲ ကားပစ္စည်းအဟောင်း ဝယ်သည့် ပွဲစားများနှင့် ချိတ်ဆက်ရောင်းဝယ်မှုများကိုလည်း စတင်ပြုလုပ်ကြကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်လွင် ကဆိုသည်။

အရည်ကျိုကားများထဲမှ ဟိုင်းလတ်နှင့် တောင်းအေ့စ်ကဲ့သို့ ကားများထဲမှ အဟောင်းပစ္စည်းများ ပြန်လည်ရောင်းချပါက ၁ဝ သိန်းမှ ၁၅ သိန်းအထိ ဈေးကောင်းရရှိကြပြီး ယင်းကားအမျိုးအစားနှစ်ခုထဲမှ ကားပစ္စည်းအများစုမှာ အသုံးဝင်မှု ပိုမိုများပြားသဖြင့် ဈေးကောင်းပေး ဝယ်ယူကြကြောင်း အရည်ကျိုဈေးကွက်တွင်းမှ စုံစမ်းသိရသည်။ရန်ကုန်မြို့မှ ကားပစ္စည်းများ အဓိကရောင်းဝယ် ဖြန့်ဖြူးနေသော ဘုရင့်နောင်ကားပစ္စည်း ရောင်းဝယ်ရေးဝင်းအတွင်း လစဉ် တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်ထက်မနည်း အင်ဂျင်တုံးကြီးများအား ဈေးပြိုင်ဝယ်ယူသည့်ပွဲမျိုး မကြာခဏပြုလုပ်လေ့ရှိသည်။ ယင်းအင်ဂျင်တုံးကြီးများမှာ ရံဖန်ရံခါ နယ်စပ်ဈေးကွက်များမှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်သော်လည်း အများစုမှာ အရည်ကျိုကားများမှလာသည့် အင်ဂျင်တုံးကြီးများဖြစ်ကြောင်း ယင်းဈေးကွက်တွင် ပါဝင်နေသည့် အမည်မဖော်လိုသူ ပွဲစားတစ်ဦးကပြောပါ သည်။ နယ်စပ်မှလာသည့် ကားအပိုပစ္စည်းများနှင့် အရည်ကျိုပစ္စည်းများကို ရန်ကုန်မြို့၏ မြို့ပြင်လိုနေရာမျိုးတွင် ဂိုဒေါင်များနှင့်ထားပြီး အချို့က ပမာဏများများ ဝယ်ယူစု ဆောင်းနေကြသဖြင့် အရည်ကျိုမည့် ကားအပိုပစ္စည်းများက ပြင်ပတွင် ဈေးကွက်နေရာ ယူနေဆဲဖြစ်သည်။

''ဒီပစ္စည်းတွေက အပြင်ထက် ဈေးသက်သာတယ်။ အသစ်နီးပါး ပြန်လုပ်လို့ရတယ်။ အခုဆို ကားအသစ်တွေမှာတောင် ပြန်သုံးနေကြတယ်။ နောက်ပိုင်း အသစ်တွေက ပိုသွင်းလာမှာဆိုတော့ ဒီဈေးကွက်ကြီးက ပိုကြီးလာနိုင်တယ်''ဟု မျိုးမြန်မာကား ပစ္စည်းအရောင်းဆိုင် မန်နေဂျာ ဦးမူနီယံဒီက သုံးသပ်သည်။ကားသစ်အများစုဖြစ်သည့် ကယ်ဒီးနား၊ ပရိုဘောက်စ်၊ ဟွန်ဒါဖစ် အစရှိသောကားများတွင် အရည်ကျိုဈေးကွက်မှ လာရောက်သည့် ကားပစ္စည်းအများစုကို ပြန်လည်အသုံးပြုနိုင်ပြီး အတွင်းပိုင်း အင်ဂျင်များတွင် ပြန်လည်ထည့်သွင်း အသုံးပြုပါက မည်သူမျှမသိနိုင်ကြောင်း စမ်းချောင်းမြို့နယ် အငယ်လေးဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးကပြောသည် ရန်ကုန်မြို့ထဲ တွင် ယင်းကဲ့သို့ အင်ဂျင်အဟောင်းများကို ပြန်လည်ပြုပြင် တပ်ဆင်ပေးသည့် နေရာအများစုမှာ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ ဗဟန်း၊ တာမွေ၊ အင်းစိန် အစရှိသော မြို့နယ်များ တွင် ပြန်လည်ပြုလုပ် တပ်ဆင်နေကြကြောင်း 7Day News မှ အဆိုပါဈေးကွက်များတွင် လုပ်ကိုင်နေသူများနှင့် လိုက်လံတွေ့ဆုံ မေးမြန်းချက်များအရ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များအရ ပြည်ပမှ ကားတင်သွင်းလာသူများအနေဖြင့် မူလကားတွင်ပါဝင်သည့် ကားအပိုပစ္စည်းများကို ပြန်လည်ထုတ်ယူ ပြင်ဆင်တပ်ဆင်ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် ယနေ့အထိ ကားသစ်အချို့တွင် ကားသင်္ချိုင်းမှလာသည့် ကားအပို ပစ္စည်းများ တပ်ထားသည်ကို အစိုးရ သိမည်မဟုတ်ပေ။ ယင်းဈေးကွက်မှာ ရန်ကုန်တွင် ကြီးမားစွာတည်ရှိနေပြီး ယင်းဈေးကွက်အကြောင်းကို အသေးစိတ်ထုတ်ဖော်ပြော ဆိုရန် ၎င်းလုပ်ငန်း လုပ်ကိုင်သူအများစုက မလိုလားကြပေ။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပေးခဲ့သည့် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလမှ ယနေ့အထိ စာရင်းများအရ ယာဉ်အိုယာဉ်ဟောင်းအစီးရေ တစ်သိန်းခွဲကျော်ထိ လက်ခံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြ ထားသည်။

အပ်နှံပြီး ကားအရေအတွက်နှင့် နှိုင်းယှဉ်ပါက ပြန်လည်အသုံးပြုနိုင်သည့် ကားအပိုပစ္စည်းများ ဈေးကွက်အတွင်းသို့ သုံးနှစ်အတွင်း သောင်းဂဏန်းနီးပါး ဝင်ရောက်လာ နိုင်ကြောင်း ကားအဟောင်းပစ္စည်းများကို ပွဲစားလုပ်သူများက ခန့်မှန်းပြောကြားသည်။ ကားသင်္ချိုင်းများ အတွင်းမှလာသော ကားအပိုပစ္စည်းထက်ဝက်ကျော်မှာ စက်မှုဇုန် ထုတ်ကားများ ပြန်လည်တပ်ဆင်ရာတွင် အသုံးပြုလေ့ရှိကြောင်း ကားအဟောင်းပစ္စည်းများကို စက်မှုဇုန်များတွင် ပြန်လည်တပ်ဆင်ပေးနေသူတစ်ဦးက ပြောသည်။ပြင်ပ ပုဂ္ဂလိက ကားဈေးကွက်တွင် ကားသင်္ချိုင်းမှလာသည့် ကားအပိုပစ္စည်း ဈေးကွက်များက ဆက်လက်စီးဆင်း နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်း ထုတ် လုပ်သူများအသင်းမှ ဒုဥက္ကဋ္ဌကပြောသည်။ သက်တမ်းလွန်ကားပစ္စည်း အဟောင်းဈေးကွက်ကြီးမားလာသည်နှင့်အမျှ ပြည်သူတို့ နေ့စဉ်အားထားစီးနင်းနေရသည့် မော်တော်ယာဉ်များတွင် အသုံးပြုမှုများပြားလာခြင်းက သဘာဝလောင်စာဆီ ပိုမိုအသုံးပြုရခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းဈေးကွက်ကို အမြန်ဆုံးတားဆီးပေးသင့်ကြောင်း ကားအသစ်တင်သွင်းသူ လုပ်ငန်းရှင် အချို့ကဆိုပါသည်။ ကားအဟောင်းပစ္စည်းဈေးကွက်ကို အစိုးရက အချိန်မီတားဆီး ပေးနိုင်ခြင်း မရှိပါက ယင်းဈေးကွက်မှာ ကြီးမားစွာရပ်တည်လာနိုင်ကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်သည်။

Ref : thithtoolwin.com

Author