မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျမ်းမျှ ၅၀% အထိ ရှိနေဟုဆို

0

Full article

မော်တော်ဆိုင်ကယ်သည် သယ်ယူပို့ဆောင်ရေးအတွက် လွန်စွာအသုံးဝင်သော်လည်း မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသော ယာဉ်မတော်တဆမှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုပေါင်း၏ ၅၀% ခန့်အထိ ပျမ်းမျှအနေအထားတွင်ရှိနေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် အမှတ် (၇) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး မျိုးအောင်မြင့်မှ ပြောကြားခဲ့သည်။

“ဆိုင်ကယ်တွေဟာဆိုရင် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တော်တော်လေးကိုအသုံးဝင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ စက်သုံးဆီအနည်းဆုံး၊ ယာဉ်တန်ဖိုးအနည်းဆုံး ဖြစ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတချို့မှာ မြန်မာနိုင်ငံမှာသာမကပါဘူး ကမ္ဘာမှာပါ သုံးစွဲကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်ကြောင့်ဖြစ်ပေါ်တဲ့ ယာဉ်မတော်တဆမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါတယ်။ ယာဉ်မတော်တဆမှုတွေကို ပြန်ပြီးလေ့လာကြည့်တဲ့အခါ ဆိုင်ကယ်ကြောင့်ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုဟာ တချို့ လတွေမှာဆိုရင် တစ်နိုင်ငံလုံးဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေရဲ့ ၅၂.၂ ရာခိုင်နှုန်းလောက်ကိုရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လမှာဆိုရင် ၄၈.၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့်ပြောရမယ်ဆိုရင် ယာဉ်မတော်တဆမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားရတယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်မှာ ပါဝင်တဲ့မြို့နယ် ၃၃ မြို့နယ်အနက် ဒလ နဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်တွေကလွဲရင် ကျန်မြို့နယ်တွေမှာ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ပြီး တားမြစ်ထားပါတယ်။ တကယ်လို့ စီးနင်းခဲ့မည်ဆိုရင်တော့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၃၂၄ အရ သက်ဆိုင်ရာတရားရုံးကိုပို့ဆောင်ပြီး ဒဏ်ငွေ ၁ သိန်းကနေ ၃ သိန်းအထိ ပြစ်ဒဏ်ချမှတ်ပါတယ်။ တကယ်လို့ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်နေရင်တော့ ယာဉ်ရော ယာဉ်ပိုင်ရှင်ကိုပါ သွင်းကုန်၊ ထုတ်ကုန်ဥပဒေနဲ့ အရေးယူပြီး ပြစ်မှုဆိုင်ရာတရားရုံးမှာ တရားစွဲဆိုပါတယ်။” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် အမှတ် (၇) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး မျိုးအောင်မြင့်မှ ပြောကြားခဲ့သည်။

ထို့အပြင် ရန်ကုန်နေရာတချို့တွင် မော်တော်ဆိုင်ကယ်များ ပိုမိုများပြားလာသည့်အပြင် အဆိုပါနေရာများသည် စီးနင်းခွင့်မရှိသည့်နေရာများဖြစ်နေသည့်အပေါ် ထပ်မံမေးမြန်းခဲ့ရာတွင်...

“စီးနင်းခွင့်မပေးထားပေမဲ့၊ ဥပမာ ဒဂုန် ၄ မြို့နယ်ပေါ့။ ဒီနေရာတွေမှာ ဒေသရဲ့အနေအထားအရ လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရေး အဆင်ပြေအောင် စီးနင်းနေကြပါတယ်။ ဒါ့အပြင် လှိုင်သာယာတို့ ရွှေပြည်သာဘက်တွေမှာလည်း မစီးရဘူးလို့သတ်မှတ်ထားပေမဲ့ ဒေသရဲ့လိုအပ်ချက်အရ စီးနင်းနေကြပါတယ်။” ဟု ရဲမှူးမှ ပြန်လည်ဖြေကြားခဲ့သည်။

မော်တော်ဆိုင်ကယ်ကို ရန်ကုန်တိုင်းမှအပ ကျန်ပြည်နယ်နှင့်တိုင်း ၁၄ ခုတို့တွင် စီးနင်းခွင့်ပေးထားပြီး ရန်ကုန်တိုင်းတွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်တွင်ပါဝင်သော ၃၁ မြို့နယ်မှလွဲပြီး သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတစ်ပင် မြို့နယ်တို့တွင် စီးနင်းခွင့်ပေးထားကြောင်းသိရသည်။

Reporter : Zing

Author

Comments