Full article

ပြည်ပမှတင်သွင်းလာသော တိုက်ကြေကားများကို ဆိပ်ကမ်းများ၌ ထိန်းသိမ်းခဲ့ရာတွင် အခွန်အယူခံ အောင်မြင်သည့်ကားများကို မူလပိုင်ရှင်များ ထံသို့ ပြန်ပေးရန် ဝန်ကြီး ဌာနနှစ်ခု ဆွေးနွေးနေကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ Cars-copy

အကောက်ခွန်ဦးစီးဌာနအနေဖြင့် တိုက်ကြေကား တင်သွင်းလာသူများကို ငဲ့ညှာသောအားဖြင့် တိုက်ကြေကားနှင့် ပတ်သက်သော အကြောင်းအရာများကို ထုတ်ပြန်မည် မဟုတ်သလို အယူခံဝင်သည့် ကုမ္ပဏီများကိုလည်း အယူခံအောင်မြင်ပါက ပြန်လည်ထုတ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ညှိနှိုင်းဆောင် ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ အယူခံအောင်မြင်သော တိုက်ကြေကားများကို ပြန်လည်ထုတ်ပေးမည့် အစီအစဉ်နှင့်ပတ်သတ်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက "တိုက်ကြေကားတွေကို သိမ်းဆည်းခဲ့ပြီး နောက်ပိုင်း ယာဉ်ပိုင်ရှင်တချို့က အယူခံဝင်တာ ၁၆ စီးအောင် မြင်သွားပါတယ်၊ အယူခံအောင်တဲ့ ကားတွေကို ပြန်ပေးဖို့ဆိုတာ အကောက်ခွန်ဦးစီးဌာန တစ်ခုတည်း အနေနဲ့ ဆုံးဖြတ်လို့ မရပါဘူး၊ တိုက်ကြေကားတွေက သံရည်ကျို ပို့ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် ပြန်ပေးဖို့ ဆိုတာ မော်တော် ယာဉ်တင်သွင်းမှု ကော်မတီတွေ ဖြစ်တဲ့ တခြားဝန်ကြီးဌာနတွေရဲ့ သဘောတူညီမှုရရှိမှ ခွင့်ပြုပေးလို့ ရပါတယ်"ဟု ပြောကြားခဲ့သည်။ အကောက်ခွန် ဦးစီးဌာနမှ ၂ နှစ်တာ ကာလအတွင်း တိုက်ကြေကားများကို သိမ်းဆည်းခဲ့ရာ အစီးရေ ၁၂၉ စီးရှိခဲ့ပြီး ထိုကား များထဲတွင် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများနှင့် ၆၆ဝ စီစီ Carry Truck များ အများဆုံးပါဝင်ကြောင်း သိရှိရသည်။

Ref : Automobile

Author