ပြင်ဆင်အသုံးပြု၍ရသည့် တိုက်ကြေကားများကို ယာဉ်အိုယာဉ်ဟာင်းအဖြစ် အပ်ခွင့်မပေးဘဲ တိုက်ကြေစလစ် ထုတ်ပေးမည်မဟုတ်

0

Full article

တိုက်ကြေကားများ အပ်နှံခွင့်ပြုရာတွင် ပြန်လည် ပြင်ဆင်အသုံးပြု၍ရသည့် တိုက်ကြေကားများကို ယာဉ်အိုယာဉ်ဟာင်းအဖြစ် အပ်ခွင့်မပေးဘဲ တိုက်ကြေစလစ် ထုတ်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ သိရပါသည်။

ယာဉ်တိုက်မှုနှင့်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသော ကားများကို အစားထိုး ကားသစ်တစ်စီး ပြန်လည်တင်သွင်းခွင့်ပေးရာ တွင် အမှန်တစ်ကယ် ထိခိုက်မှုမရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပွားသကဲ့သို့ လုပ်ကြံဖန်တီး၍ တိုက်ကြေစလစ် ထုတ်ယူမှုများ ရှိနေကြောင်း သိရပါသည်။

"ရဲနဲ့ တရားရုံးကနေ ယာဉ်တိုက်မှုဖြစ်တဲ့ အမှုဖြစ်စဉ်နဲ့ ဒဏ်ကြေးပေးဆောင်ပြီးရင် တိုက်ကြေစလစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် တိုက်ထားတဲ့ ကားက ပြန်ပီးပြင်ဆင် အသုံးပြုလို့ ရတဲ့ အနေအထားရှိရင် တိုက်ကြေစလစ် ထုတ်မပေးပါဘူး။ လုံးဝ သုံးလို့မရတော့တဲ့အခြေအနေနဲ့ လမ်းပေါ်မှာသွားလာဖို့ Safety မဖြစ်တဲ့ ကားတွေကိုဘဲ တိုက်ကြေစလစ် ထုတ်ပေးမှာပါ။ "ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုက်ကြေကားစလစ်ဖြင့် ပြည်ပက ကားသစ်တစ်စီးအစားထိုး တင်သွင်းမှုကို CIF တန်ဖိုး ဒေါ်လာ ငါးထောင် သတ်မှတ်ထားသော ၁၃ဝဝ စီစီ ကားများကို တင်သွင်း ရမှာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်သကဲ့သို့ ပြုလုပ်ဖန်တီး၍ ကားဟောင်းအပ်နှံမှုများလည်း ရှိလာနေသည်ဟု သိရသည်။

Author