Full article

ရန်ကုန်၊ နိုဝင်ဘာ ၁၁

သာကေတမြို့နယ် အမှတ်(၁) ထူပါရုံရပ်ကွက် (၁၃) လမ်းတွင် နိုဝင်ဘာလ ၈ ရက်နေ့ ည ၈ နာရီ ၃ဝ မိနစ်ခန့်က မောင်းနှင်နေသည့် မ.ထ.သ ၄၉(အဝါ) ဒိုင်နာယာဉ်ပေါ်သို့ ယာဉ်မောင်းနှင့်ပြဿနာရှိသော အမျိုးသားတစ်ဦးမှ တွယ်တက်ကာ ယာဉ်မောင်းကိုဓားရည်ဖြင့်ခုတ်ရာ ယာဉ်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးမှ သိရှိရသည်။

crime-logo-500x354

သာကေတမြို့နယ်(၁ဝ) တောင်ရပ်ကွက်တွင် နေသူ ကိုသက်နိုင်ထွန်း (အသက် ၃၁ နှစ်)မောင်းနှင်လာသော ခရီးသည်တင်ဒိုင်နာယာဉ်သည် နိုဝင်ဘာ ၈ ရက် ည ၈ နာရီဝန်းကျင်ခန့် သာကေတရုပ်ရှင်ရုံဘက်သို့ ဇင်ကမာလမ်းအတိုင်း မောင်းနှင်လာစဉ် ယာဉ်ရှေ့လမ်းလယ်ပိတ်ကာ စက်ဘီးနင်းလာသော ကိုမှုန်ကြီး(ခ) ကျော်သက်ခိုင်က လယ်မဖယ်ပေးသောကြောင့် ယာဉ်မောင်းနှင့် စကားများကြကြောင်း၊ ယင်းနောက် ဒိုင်နာယာဉ်မောင်းက ခရိးသည်များကို ဂိတ်ဆုံးမှတ်တိုင်ဖြစ်သော ရုပ်ရှင်ရုံမှတ်တိုင်တွင် ချပေးပြီး ၎င်း၏ အိမ်သို့ ယာဉ်ကိုမောင်းနှင်လာခဲ့ကြောင်း၊ အမှတ်(၁) ထူပါရုံရပ်ကွက်၊ ၁၃ လမ်း အရောက်တွင် စကားများခဲ့သူ မှုန်ကြီးက အဌားယာဉ်တစ်စင်းဖြင့်လိုက်လာကာ မောင်းနှင်နေသော ဒိုင်နာယာဉ်ဘေးမှ တွယ်တက်ပြီး အရည်နှစ်ပေခန့်ရှိ ဓားရှည်ဖြင့် ယာဉ်မောင်း၏ ညာဘက်မျက်နှာပြင်ကို ခုတ်ရာ ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဓားခုတ်ခံရသောယာဉ်မောင်းမှာ ယာဉ်ကိုအရှိန်တင်မောင်းနှင်ခဲ့သောကြောင့် ဓားဖြင့်ခုတ်သူသည် ယာဉ်ပေါ်မှ ပက်လက်လန်ကျပြီး ကတ္တရာလမ်းနှင့် ဦးခေါင်းဆောင့်မိကာ ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူများမှ ပြောကြားသည်။

ပြုတ်ကျကာ ဒဏ်ရာရရှိသူကို ထူပါရုံ ၁၃ လမ်းတွင် နေထိုင်သူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကုသပေးခဲ့သော်လည်း ဦးနှောက်တွင်းသို့ သွေးယိုစီးကာ နိုဝင်ဘာ ၈ ရက် ည ၁ဝ နာရီခန့်တွင် သေဆုံးခဲ့ကြောင်းသိရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ နိုဝင်ဘာ ၁ဝ ရက်နေ့က ယာဉ်မောင်း ကိုသက်နိုင်ထွန်းကို ယာဉ်(ပ)၁၉/၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credit by Alan Cleaver.

Author