Full article

မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ် အာမခံ လာရောက် လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာကြောင်း သိရသည်။

ယခင်က အလုံးစုံ မော်တော်ယာဉ် အာမခံ လာရောက်လျှောက်ထားသည့် ကားအစီးရေ နည်းပါးခဲ့ပြီး ယခုနှစ်များ အတွင်း၌ ယာဉ်မတော်တဆမှု ဖြစ်စဉ်များပြား လာခြင်းကြောင့် လာရောက် လျှောက်ထားသူ များပြားလာကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းမှ စုံစမ်းသိရသည်။

"ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားတဲ့နေရာမှာ ဖြစ်ပွားသွားတဲ့ယာဉ်က အလုံးစုံ မော်တော်ယာဉ် အာမခံ ပြုလုပ်ထားတယ်ဆိုရင် ထားရှိထားတဲ့ သူ့ရဲ့သွင်းငွေ ပမာဏအပေါ် မူတည်ပြီးတော့ မြန်မာ့အာမခံ လုပ်ငန်းက လျော်ကြေးငွေ ပေးအပ်နေပါတယ်။ အလုံးစုံ မော်တော်ယာဉ် အာမခံက ထားရှိသင့်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ယာဉ်အန္တရာယ် တစ်ခုခု ဖြစ်ခဲ့မယ် ဆိုရင်လည်း တန်ဖိုးအလိုက် လျော်ကြေးငွေ ရရှိမှာလည်း ဖြစ်ပါတယ်" ဟု မန္တလေးတိုင်း ဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းမှ တိုင်းမန်နေဂျာ ဒေါ်ဥမ္မာအေးက ပြောကြားသည်။

အလုံးစုံ မော်တော်ယာဉ် အာမခံ လျှောက်ထားရာတွင် ကျပ်သိန်း ၂ဝဝ ဝန်းကျင် တန်ဖိုးရှိ ကားတစ်စီးလျှင် မြန်မာ့အာမခံ လုပ်ငန်းသို့ ပရီမီယံကြေး ပေးသွင်းရမည့် ငွေပမာဏမှာ ငွေကျပ်တစ်သိန်း ဝန်းကျင်ခန့်သာရှိပြီး ကားတန်ဖိုးအလိုက် ပေးသွင်းရမည် ဖြစ်ကြောင်း၊ အာမခံ ပြုလုပ်ထားပါက ယာဉ်အာမခံ ထားရှိသည့် ငွေပမာဏ အပေါ်တွင် မူတည်ပြီး ယာဉ်ထိခိုက် ပျက်စီးမှုအပြင် ယာဉ်ကြောင့် အခြားသူ တစ်ဦးဦးကိုဖြစ်စေ၊ မိမိကိုယ်တိုင် ဖြစ်စေ၊ ယာဉ်ကြောင့် အရာဝတ္ထု တစ်ခုခု ထိခိုက်မိလျှင်ဖြစ်စေ၊ သဘာဝဘေးကြောင့် ဖြစ်စေ မြန်မာ့အာမခံ လုပ်ငန်းမှ ပျက်စီးဆုံးရှုံးမှု တန်ဖိုးအလိုက် လျော်ကြေးငွေ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် မေလနှင့် ဇွန်လအတွင်းက ပြင်ဦးလွင် အတက်လမ်းတွင် ဖြစ်ပွားခဲ့သည့် Probox ကားအမျိုးအစားနှစ်စီး အင်ဂျင်အပူလွန်ကဲပြီး မီးလောင်ပျက်စီး ခဲ့မှုကိုလည်း အလုံးစုံ မော်တော်ယာဉ် အာမခံ ပြုလုပ်ထားသောကြောင့် လျော်ကြေးငွေ ပေးအပ်ခဲ့ပြီး လက်ချိန်တွင် မြန်မာ့အာမခံ လုပ်ငန်းသို့ လျော်ကြေးငွေ တောင်းခံထားသည့် ကားအစီးရေ ရှစ်စီးခန့် ရှိကြောင်း သိရသည်။

အာမခံ လျှောက်ထားသည့် ကားအစီးရေမှာ ၂ဝ၁ဝ-၂ဝ၁၁ တွင် ၂၆၄ စီး၊ ၂ဝ၁၁-၂ဝ၁၂ တွင် ၂၇၂ စီး၊ ၂ဝ၁၂-၂ဝ၁၃ တွင် ၃၄၄ စီးရှိခဲ့ပြီး ယခု ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ် စက်တင်ဘာလအထိ လာရောက် လျောက်ထားသည့် ကားအစီးရေမှာ ၂၄၇ စီး ခန့်ရှိကြောင်း သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

Photo credit by sylvar

Author