Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week

  • Cherry QQ အငှားကားများကို အပ်နှံခွင့်ပေးနေသော် လည်း မြန်မာမီနီကားများကိုမူ အပ်နှံခွင့်ပေးမည် မဟုတ်
  • ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလပ်ခရီးသည်တင်ယာဉ် ပြေးဆွဲမှုအား ၂ဝ၁၄ ခုနှစ်ဆန်းပိုင်း အထိသာခွင့်ပြုမည်
  • ယခုလ ၅ ရက်တွင် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား ဖွင့်ပွဲပြုလုပ်မည်
  • ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့်ယာဉ်များ နှစ်လအတွင်းဒဏ်ငွေဆောင်ရွေးယူခြင်း မရှိပါကနိုင်ငံပိုင်သိမ်းမည်
  • CIF တန်ဖိုး လျှော့ချပေးလိုက်သော Mark X ကားများ လေလံဈေးတက်နိုင်
  • တက္ကစီတင်သွင်းခွင့် ပါမစ် ၂ဝ၁၄ ခုနှစ်ကုန်အထိ ယာယီရပ်ဆိုင်းမည်
  • ၁၅ တန်နှင့်အထက် Truck များကို တစ်တန်တိုးလျှင် CIF တန်ဖိုး အမေရိကန်ဒေါ်လာ ငါးရာထည့်ပေါင်းမည်
  • ဘုရင့်နောင်ပွဲရုံဝင်း ယာဉ်ပိတ်ဆို့မှုလျော့နည်းရေးအတွက် ဝင်ရောက်သော ကုန်ကားများ အပေါ် အရှည်ပေနှင့် ကုန်ချချိန် ကန့်သတ်မှုရှိလာနိုင်
  • ရန်ကုန်မြို့၌ တရုတ်နည်းပညာသုံးယာဉ်ကြောပိတ်ဆို့ မှုထိန်းချုပ်ရေး အခန်းထားရှိသွားမည်
  • ဆိပ်ကမ်းရောက်ကား (၂၂) စီးကို တိုက်ကြေကားဟု ယူဆ၍ အကောက်ခွန်မှ စိစစ်နေ
  • ပန်းဆိုးတန်းနှင့် ကမ္ဘာအေး ဂမုန်းပွင့်ရှေ့ ၌ လူကူးခုံးကျော် တံတားတည်ဆောက်ရန် ကျပ်သန်း (၇၅ဝ) လျာထား
  • မြန်မာပြည်တွင်ပထမဆုံး Mazda Family အရောင်းပြခန်းသစ်ဖွင့်လှစ်
  • *တစ်နိုင်ငံလုံး အစီးရေ ၆ သိန်းတွင် အလုံးစုံ အာမခံထားရှိမှု သောင်းဂဏန်းသာရှိ

Cherry QQ အငှားကားများကို အပ်နှံခွင့်ပေးနေသော် လည်း မြန်မာမီနီကားများကိုမူ အပ်နှံခွင့်ပေးမည် မဟုတ်

တရုတ်မှတင်သွင်းလာသော Cherry QQ ကားများကို အငှားယာဉ်အစားထိုးတင်သွင်းရန်အတွက် ဆက်လက်အပ်နှံခွင့် ပေးနေသော်လည်း မြန်မာမီနီကားများကိုမူ အပ်နှံခွင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန မှသိရှိရပါသည်။ Cherry QQ ကားတွေကို အပ်နှံခွင့်ပေးပြီး နောက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးတွင်း တွင်အစီးရေ လေးရာကျော် လာရောက် အပ်နှံခဲ့ကြပါတယ်။Cherry QQ ကားများကို နံပတ်အနီဖြစ်ရင် ဆက်လက်ပြီး အပ်နှံခွင့်ပေးမှာလည်း ဖြစ်ပါတယ်။

Ref: Automobile

ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလပ်ခရီးသည်တင်ယာဉ် ပြေးဆွဲမှုအား ၂ဝ၁၄ နှစ်ဆန်းပိုင်းအထိသာ ခွင့်ပြုမည်

မတော်တဆမှုများကြောင့် ခရီးသည်တင်ယာဉ်တွေမှာ ဟိုင်းလပ်တွေပြေးဆွဲခွင့်မပြုခြင်းဖြစ်ကြောင်း မထသ ကော်မတီ ဥက္ကဌ ဦးလှအောင်ကပြောပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည် မည်သည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်မဆို ထုတ်ပြန်ထားသည့် သတ်မှတ်ရက်ထက် ကျော်လွန်ပြေးဆွဲသည့် ယာဉ်လိုင်းများကို သတ်ဆိုင်ရာ တိုင်းဒေသကြီးများမှရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်-ပဲခူး၊ ရန်ကုန်-မှော်ဘီ ဟိုင်းလပ်ယာဉ်များနှင့် ပတ်သတ်၍မူ စည်ပင်သာယာရေးနယ်နိမိတ် အတွင်းဝင်ရောက်ပြေးဆွဲမှုကို ကန့်သတ်မည်ဖြစ်ပြီး၊ ယင်း ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ထောကာ်ကန့်မြို့နယ်အထိသာ ပြေးဆွဲခွင့်ရှိမည်ဖြစ်သည်။ ထိုဟိုင်းလပ်များနေရာတွင် မီနီဘတ်များကိုတင်သွင်းခွင့် ပြုထားပြီးဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင် စတင်ကာ ဟိုင်းလပ်များသာမက ဒိုင်နာယာဉ်များ ကိုလည်းမီနီဘတ်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Ref: Automobile

ယခုလ ၅ ရက်တွင် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား ဖွင့်ပွဲပြုလုပ်မည်

လာမည့် ဇန်နဝါရီ ၅ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတားကို ၂ဝ၁၂ ခုနှစ်၊ ဇွန် ၅ ရက် တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် တည်ဆောက်ရေး လုပ်ငန်းများ အလုံးစုံ ပြီးစီးခဲ့သည်။ဘုရင့်နောင်လမ်းအတိုင်း တည်ဆောက်ထားသော လေးလမ်းသွား တံတားကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၃၁ ရက်တွင်လည်းကောင်း၊ သမိုင်းဘူတာရုံလမ်းအတိုင်း တည်ဆောက်ထားသော နှစ်လမ်းသွား အပေါ်လွှာတံတားကို ဒီဇင်ဘာ ၂၄ ရက်တွင် လည်းကောင်း စမ်းသပ် မောင်းနှင်ခွင့်များ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ FMI Group မှ တာဝန်ရှိသူများ၊ မြို့တော်စည်ပင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

Ref: Automobile

ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့်ယာဉ်များ နှစ်လအတွင်းဒဏ်ငွေဆောင်ရွေးယူခြင်း မရှိပါကနိုင်ငံပိုင်သိမ်းမည်

ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့် ယာဉ်များ နှစ်လအတွင်း ဒဏ်ငွေဆောင် ရွေးယူခြင်းမရှိပါက နိုင်ငံပိုင်သိမ်း၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ ဖမ်းဆီးခံယာဉ်များအား လက်ရှိတွင် ရှင်စောပုယာဉ်ရပ်နားစခန်း အတွင်းသိမ်းယူထားကြောင်းနှင့် ဖမ်းဆီးခံ ယာဉ်အများစုမှာ လာရောက်ရွေးယူခြင်း မရှိသည့်အတွက် ယင်းတို့ကိုနိုင်ငံပိုင်ယာဉ်အဖြစ် သိမ်းယူ၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ အရေးယူရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအထိ ချလန်ဖြတ်အရေးယူမှုနှင့် ဖယ်ရှားအရေးယူမှုစုစုပေါင်း လေးရာဝန်းကျင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊လက်ရှိတွင် ရှင်စောပုယာဉ်ရပ်နားစခန်းအတွင်း လာရောက်ရွေးယူခြင်း မရှိသည့် အရေးယူထားသည့် စည်းကမ်းမဲ့ယာဉ် အစီးရေနှစ်ရာကျော်ရှိပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

Ref: Automobile

CIF တန်ဖိုး လျှော့ချပေးလိုက်သော Mark X ကားများ လေလံဈေးတက်နိုင်

၂ဝ၁၄ ခုနှစ် CIF တွင် တန်ဖိုး သိသိသာသာ လျှော့ချပေးလိုက်သော Mark X ကားများကို အပြိုင်အဆိုင် ဝယ်ယူမှုများ ရှိလာနိုင်သောကြောင့် လေလံဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိကြောင်း ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။CIF တန်ဖိုးသစ်တွင် လူကြိုက်များသည့် Mark X ကားများကို မိုဒယ်အလိုက် ဒေါ်လာ နှစ်ထောင်မှ လေးထောင်အထိ တန်ဖိုး လျှော့ချခဲ့သောကြောင့် ထိုကားများ၏ ဝယ်လိုအားမှာ ယခင်နှစ်များထက် မြင့်တက်လာဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။ ဂျပန်လေလံများ မပိတ်ခင် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော လေလံဈေးနှုန်းများအရ Mark X 2004 မိုဒယ်ကို ယန်းခြောက်သိန်း မှ ယန်းရှစ်သိန်းအထိရှိပြီး အခွန် ၆၅ သိန်းဝန်းကျင်၊ တခြား စရိတ် စက ငါးသိန်းဝန်းကျင်နှင့် စလစ် တန်ဖိုးပေါင်းပါက ၂၄၅ သိန်း ဝန်းကျင်ရှိမည်ဖြစ်ကြောင်း ကား တင်သွင်းသူများထံမှ သိရှိရသည်။

Ref: Automobile

တက္ကစီတင်သွင်းခွင့် ပါမစ် ၂ဝ၁၄ ခုနှစ်ကုန်အထိ ယာယီရပ်ဆိုင်းမည်

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ရပ်နားခဲ့သော တက္ကစီတင်သွင်းခွင့် ပါမစ်ကို ၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ ယာယီ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုများကြောင့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အငှားယာဉ်တက္ကစီ တင်သွင်းခွင့်ပါမစ်ကို ယာယီရပ်ဆိုင်းခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ရန် ခုံးကျော် တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောကျပ်တည်းမှုကို အနည်းငယ်သာ ဖြေလျှော့နိုင် သောကြောင့် အငှားယာဉ်တင်သွင်းခွင့် ပါမစ်အား ၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ ယာယီ ရပ်ဆိုင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

Ref: Automobile

၁၅ တန်နှင့်အထက် Truck များကို တစ်တန်တိုးလျှင် CIF တန်ဖိုး အမေရိကန်ဒေါ်လာ ငါးရာထည့်ပေါင်းမည်

ပြည်ပမှ လုပ်ငန်းသုံးယာဉ် Truck များ တင်သွင်းရာတွင် ၁၅ တန်နှင့် အထက် ဖြစ်ပါက တစ်တန်တိုးလျှင် CIF တန်ဖိုး ဒေါ်လာ ငါးရာ ထည့်ပေါင်းပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Truck များ တင်သွင်းမှုအတွက် သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာတွင်

• Truck ယာဉ်များ၏ တန်ချိန်အလိုက် တန်ဖိုး သတ်မှတ်မှုအား Capacity Weight အရ တန်ဖိုးသတ်မှတ်ခြင်း ဖြစ်၍လိုင်စင် လျှောက်ထားပါက Capacity Weight ဖော်ပြလျှောက်ထားရမည်။

• တစ် တန်အာက် Mini Truck (1350CC) နှင့် အောက်ယာဉ်များအား ၂ဝဝဝ မော်ဒယ်မှ ၂ဝ၁၂ မော်ဒယ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ ငါးထောင်ဖြင့် လျှောက်ထားနိုင်ပြီး ၂ဝ၁၃ နှင့် ၂ဝ၁၄ မော်ဒယ်ဖြင့် လျှောက်ထားမည် ဆိုပါက လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမည်ဖြစ်သည်။

• 15 Tons နှင့်အထက် Truck များ လျှောက်ထားပါက တစ်တန်တိုးလျှင် အမေရိကန်ဒေါ်လာ ငါးရာ ထည့်ပေါင်း ခွင့်ပြုပေးမည်။

• တန် ငါးဆယ်အထက် ကျော်လွန်သော Truck များ လျှောက်ထားပါက OSS သို့ တင်ပြပြီး ဈေးနှုန်းအတည်ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Ref: Automobile

ဘုရင့်နောင်ပွဲရုံဝင်း ယာဉ်ပိတ်ဆို့မှုလျော့နည်းရေးအတွက် ဝင်ရောက်သော ကုန်ကားများအပေါ် အရှည်ပေနှင့် ကုန်ချချိန် ကန့်သတ်မှုရှိလာနိုင်

ဘုရင့်နောင်ခုံးကျော်တံတားများဖြတ်သန်းသွားလာခွင့်ပြုထားသည်မှာ လချီကြာသော်လည်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ပိတ်ဆို့မှုများ ပြန်လည်ဖြစ်ပွားတတ်သဖြင့် ပွဲရုံဝင်းအတွင်း ဝင်ရောက်သောကုန်ကားများ၏ အရှည်ပေအမျိုးအစား အလိုက်ခွဲခြားဝင်ခွင့်ပေးရန်နှင့် နေ့အချိန်ကုန်ကားများ ကုန်တင်ကုန်ချမပြုလုပ်ရန် သက်ဆိုင်ရာသို့တင်ပြ မှုများရှိလာသည် ဆိုသောသတင်းများ ထွက်ပေါ်နေရာ ကုန်ကားဂိတ်များမှ သက်ဆိုင်ရာသို့ စုံစမ်းရာ အဆိုပါတင်ပြချက်များရှိသော်လည်း မည် သည့်ညွှန်ကြားဆုံးဖြတ်ချက်မျှမရှိ သေးကြောင်းသိရှိရသည်ဟု ကုန်ကားဂိတ်လုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ ပွဲရုံဝင်းအတွင်း လမ်းထောင့်များတွင်ရှိသော ဓာတ်တိုင်၊ ဈေးဆိုင် များကြောင့် (၁ဝ) ဘီး၊ (၁၂) ဘီးကား များ ယာဉ်ကြော (၂) ကြောရှိသည့် လမ်းသွယ်များတွင် လမ်းလယ်မှနေရာ ယူကွေ့နေရ၍ ယာဉ်ကြောတစ်ကြော သာသွားလာနိုင်ကြောင်း၊ ပွဲရုံဝင်း အဝင်ဝများတွင် စိုက်ထူထားသော တားမြစ်ဆိုင်းဘုတ်များတွင် ပါရှိ သောနေ့အချိန်တွဲကားများ ဝင်ရောက် ခွင့်မပြုဆိုသော်လည်း လိုက်နာမှုအားနည်းနေကြောင်း၊ ပွဲရုံဝင်းအတွင်း တွင် ဂိုဒေါင်အပြင် ပြည်ပမှတင်သွင်းကုန်၊ ပို့ကုန်များ ထည့်သွင်းမှုများလာရာ နေ့စဉ် ပေ (၂ဝ) ၊ ပေ (၄ဝ) ရှည်ကုန်သေတ္တာယာဉ်များ အဝင်အထွက် များလာခြင်း၊ ယာဉ်မောင်းတချို့၏ စည်းကမ်းမဲ့မောင်းနှင် ရပ်တန့်မှုများကြောင့် ပွဲရုံဝင်းအတွင်း ယာဉ်ပိတ်ဆို့ မှုညပိုင်းထိမကြာခဏဖြစ်ပွား၍ လုပ်ငန်းများအခက်အခဲ ကြုံတွေ့နေရဆဲရှိသည်ဟု လုပ်ငန်းလုပ်ကိုင်သူများမှဆိုသည်။

Ref: Automobile

ရန်ကုန်မြို့၌ တရုတ်နည်းပညာသုံးယာဉ်ကြောပိတ်ဆို့ မှုထိန်းချုပ်ရေး အခန်းထားရှိသွားမည်

ကမ္ဘာ့နိုင်ငံများ၏ တချို့သော မြို့ကြီးများ၌ အသုံးပြုလျက်ရှိသော မော်တော်ယာဉ်ပြေးဆွဲမှုထိန်းချုပ် ရေးအခန်းကဲ့သို့ ရန်ကုန်တိုင်းဒေသ ကြီးတွင် ဖြစ်ပွားနေသော ယာဉ်ကြော ပိတ်ဆို့မှုများကို လျှော့ချနိုင်စေရန် အတွက် ထိန်းချုပ်ရေးအခန်း ကိုထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။အဆိုပါ ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ်ရေးအခန်းကို တရုတ်နည်း ပညာဖြင့် အသုံးပြုသွားဖွယ်ရှိကြောင်း နှင့် နည်းစနစ်ပိုင်းကို အစည်းအဝေးထိုင်၍ ဆုံးဖြတ်ချက်ရယူ သွားမည် ဖြစ်ကြောင်းယာဉ်ထိန်းရဲရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ မကြာမီအချိန်အတွင်း အဆိုပါစီမံကိန်းစတင်နိုင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများ တပ်ဆင်၍ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

Ref:Auto World

ဆိပ်ကမ်းရောက်ကား (၂၂) စီးကို တိုက်ကြေကားဟု ယူဆ၍ အကောက်ခွန်မှ စိစစ်နေ

ပြည်ပမှ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ရာတွင် မော်တော် ယာဉ်တင်သွင်းသူအချို့သည် ပြည်ပမှ တိုက်ကြေကားများကို တင်သွင်းလာ မှုများရှိနေသည့်အတွက် အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိရာ ယခု အခါတွင် ပြည်ပမှတင်သွင်းလာပြီး ဆိပ်ကမ်းရောက်နေသည့် မော်တော် ယာဉ်များအနက် ယာဉ် (၂၂) စီးကို တိုက်ကြေကားဟုယူဆ၍ အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိကြောင်း သိရသည်။ ယခင်က ပြည်ပမှတင်သွင်း လာသည့် မော်တော်ယာဉ်များတွင် တိုက်ကြေများဟု ယူဆရသော မော် တော်ယာဉ်များ စိစစ်ရာတွင် ပထမ အကြိမ်အဖြစ် တိုက်ကြေကား (၂၇) စီး၊ ဒုတိယအကြိမ်တွင် (၄၂) စီး၊ တတိယအကြိမ်တွင် (၃၂) စီး၊ စတုတ္ထအကြိမ်တွင် (၂၈) စီး စသည် တို့ကို စိစစ်၍ တိုက်ကြေကားစုစု ပေါင်း (၁၂၉) စီးကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရှိရ သည်။ ထို့အပြင် တိုက်ကြေကား တင်သွင်းသည့် ကုမ္ပဏီလုပ်ငန်းရှင် များကိုလည်း ကားတင်သွင်းခွင့်တစ်နှစ် ပိတ်ပင်ခဲ့သည်။

Ref:Auto World

ပန်းဆိုးတန်းနှင့် ကမ္ဘာအေး ဂမုန်းပွင့်ရှေ့ ၌ လူကူးခုံးကျော် တံတားတည်ဆောက်ရန် ကျပ်သန်း (၇၅ဝ) လျာထား

ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းနိုင်ရန်အတွက် ပန်းဆိုးတန်းနှင့် ကမ္ဘာအေးဘုရားလမ်း ဂမုန်းပွင့်ကုန် တိုက်ရှေ့တို့တွင် လူကူးခုံးကျော်တံ တားတည်ဆောက်ရန် ကျပ်သန်း (၇၅ဝ) လျာထားကြောင်းသိရှိရသည်။ အဆိုပါ လူကူးခုံးကျော်တံတား (၂) စင်းကို လာမည့် (၂ဝ၁၄-၂ဝ၁၅) ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်သွားရန် လျာထားသည်။ အဆိုပါ နေရာ (၂) နေရာသည် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားပြီး လမ်းဖြတ်ကူးသူ၊ လမ်း အသုံးပြုသူ ပြည်သူများအခက်အခဲ များဖြစ်နေသည့်အတွက် ယခုကဲ့သို့ လူကူးခုံးကျော်တံတားတည်ဆောက် ရန်စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။ ပန်းဆိုးတန်းတွင် တည် ဆောက်မည့် လူကူးခုံးကျော်တံတား အတွက် ကျပ်ငွေသန်းပေါင်း (၄၅ဝ) လျာထားပြီး ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်ရှေ့ တည်ဆောက်မည့် လူကူးခုံးကျော်တံတား အတွက် ကျပ်ငွေသန်းပေါင်း (၃ဝဝ) လျာထားကြောင်းသိရသည်။ အခြားမြို့နယ်များဖြစ်သော လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်း တွင် ငွေကျပ်သိန်း (၂၇ဝ) အကုန် အကျခံကာ လူကူးခုံးကျော်တံတား တစ်ခုတည်ဆောက်သွားမည်ဖြစ်ပြီး အင်းစိန်လမ်းမကြီး လှည်းတန်းမီးပွိုင့် အနီးတွင် လူကူးခုံးကျော်တံတားတစ်ခုအား ငွေကျပ်သန်း (၈ဝ) အကုန် အကျခံကာ ထပ်မံတည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရှိရသည်။

Ref: Auto World

မြန်မာပြည်တွင်ပထမဆုံး Mazda Family အရောင်းပြခန်းသစ်ဖွင့်လှစ်

Mazda Show Room သစ်ကို ဇန်နဝါရီ (၁၁-၁၂) ၂ဝ၁၄ တွင် ရန်ကုန်မြို့၊ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း တွင်ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ အသစ်ဖွင့်လှစ်လိုက်သောအရောင်းပြခန်းတွင် ကမ္ဘာတဝန်းမှ ဆုတံဆိပ်အမြောက်အများရရှိထားသော Mazda 6 ကို လေ့လာကြည့်ရှုဝယ်ယူနိုင်ပါသည်။

SKYACTIV TECHNOLOGY ဖြင့်ထုတ်လုပ်ထားသော ကျော့ရှင်းလှပ၍ ှSporty ဖြစ်သည့် Mazda 6 သည် ညှို့ငင်ဆွဲဆောင်မှု၊ သက်ဝင်လှုပ်ရှားမှုနှင့် မြန်ဆန်သွက်လက်မှု အစရှိသောစွမ်းအားများ ပေါင်းစပ်ထားသည့် "Soul of Motion ဟုခေါ်သော KODO အယူအဆများကို အခြေခံထားသောနည်းပညာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

Mazda ချစ်သူများအတွက် ဖွင့်ပွဲအထူးအစီအစဉ်အဖြစ်...

20% လက်ငင်းငွေချေစနစ်- သင့်တင့်သော အရစ်ကျပေးဆောင်မှု၊

US$ 8,000 အထိလျှော့ဈေး၊

Mazda မှအင်ဂျင်အာမခံချက်များနှင့် အခမဲ့ဝန်ဆောင်မှုများပါ ပေးသွားမည်ဖြစ်သည်။

သတ်မှတ်ထားသော စည်းကမ်းချက်များသာအတည်ဖြစ်၍ ပွဲကာလအတွင်းတွင် ရောင်းချမည့် ကားအစီရေ ကိုလည်း သတ်မှတ်ထားပါသည်။

တစ်နိုင်ငံလုံး အစီးရေ ၆ သိန်းတွင် အလုံးစုံ အာမခံထားရှိမှု သောင်းဂဏန်းသာရှိ

ကားနှင့် ဆိုင်ကယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌အစီးရေ ၃ သန်း ခန့် မှတ်ပုံတင်ထားရာတွင် မော်တော် ယာဉ်အစီးရေ ၆ သိန်း၌ အလုံးစုံ အာမခံထားရှိမှု အရေအတွက်မှာ သောင်းဂဏန်းသာရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှတစ်ဆင့် စုံစမ်းသိရှိ ရသည်။ မှတ်ပုံတင်ထားသည့်မော်တော် ယာဉ်အစီးရေ ၆ သိန်းကျော်နှင့်ဆိုင် ကယ်အစီးရေ ၂၃ သိန်းခန့်ရှိသော ကြောင့် စုစုပေါင်း ယာဉ်အစီးရေ ၃ သန်းခန့် ရှိရာတွင် အလုံးစုံ အာမခံထားရှိမှုမှာ အစီးရေ သောင်းဂဏန်းသာ ရှိသည်ဟု ဆိုသည်။ တစ်နိုင်ငံလုံး အစီးရေ သုံးသန်းလောက်မှာ အလုံးစုံအာမခံ ထားရှိမှုက သောင်းဂဏန်းပဲရှိတယ်။သိန်း ဂဏန်းတောင် မရှိသေးဘူး။ အခုဆို ရင်ပုဂ္ဂလိကအာမခံလုပ်ငန်းတွေ လည်းပေါ်လာပါပြီ ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။

Ref: Auto World

Author