သီလဝါအထူးစီးပွားရေးဇုန်၌ Toyota ကားကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် အခြားသောဆက်စပ်ရင်းနှီးမြှုပ်နှံမှုများလည်း အများအပြားပေါ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

0

Full article

သီလဝါအထူးစီးပွားရေးဇုန် (Thilawa Special Economic Zone) တွင် လာရောက်စက်ရုံတည်ဆောက်ရင်းနှီးမြုပ်နှံမည့် Toyota ကားကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် အခြားသောဆက်စပ်စက်မှုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုအများအပြား ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“လက်ရှိတွင် ဂျပန်ကုမ္ပဏီအများအပြား နှင့် ရန်ကုန်မြို့အနီးတစ်ဝိုက်တွင်ရှိသော ကုမ္ပဏီများကို အထူးဆွဲဆောင်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၉ စက်တင်ဘာလ ၃၀ ရက်နေ့အထိတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁.၈၆ ဘီလီယံအထိ တိုးမြင့်လာခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ မော်တော်ကားကုမ္ပဏီ  Toyota ဟာ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်ယန်းဘီလီယံချီတန်ဖိုးရှိမည့် မော်တော်ကားတပ်ဆင်ထုတ်လုပ်မည့် စက်ရုံကို တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားရန် မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် အခြားသော ဆက်စပ် စက်မှုလုပ်ငန်းများရဲ့ရင်းနှီးမြုပ်နှံမှုအမြောက်အများပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ Toyota , Suzuki တို့အပါအဝင် အခြားနာမည်ကြီး ဂျပန်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများလာရောက်ဆောင်ရွက်ခြင်းကို ကြည့်ခြင်းအားဖြင့် ဂျပန်ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံနှင့် သီလဝါတွင် မိမိတို့၏လုပ်ဆောင်ချက်များကို ယုံကြည်မှုရှိကြောင်း ပြသနေခြင်းဖြစ်ကြောင်း”  

၂၀၁၉ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲတွင် တက်ရောက်ပြောကြားခဲ့သော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Toyota သည် သီလဝါအထူးစီးပွားရေးဇုန် (B) ၌ မြေ ၂၁ ဟက်တာ ရယူထားကာ စက်ရုံအား တည်ဆောက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ၅၂.၆ သန်း၊ လုပ်သားအင်အား ၁၃၀ ခန့် ဖြင့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်းများစတင်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

Author