ယနေ့အထိ လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် မီးပွိုင့်များတွင် တပ်ဆင်ထားသော ကင်မရာများမှတဆင့် စည်းကမ်းပျက်ယာဉ်များ စောင့်ကြည့် ဖမ်းဆီးမည့် Control Center စနစ်

0

Full article

ရန်ကုန်တိုင်းအတွင်း မီးပွိုင့်များတွင် တပ်ဆင်ထားသော ကင်မရာများမှတစ်ဆင့် စည်းကမ်းပျက်ယာဉ်များကို စောင့်ကြည့် ဖမ်းဆီးမည့် Control Center စနစ်လုပ်ငန်း လုပ်ဆောင်ရန် အဆင်သင့်မဖြစ်သေးရာ ယနေ့အထိ ဖမ်းဆီးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှုးရုံးမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ် သွားလာမှုများကို ထိန်းချုပ်စောင့်ကြည့်ပြီး စည်းကမ်းပျက်ကားများကို ဖမ်းဆီးအရေးယူမည့် Control Center စနစ်အား ပြီးခဲ့သော နိုဝင်ဘာလအတွင်း လုပ်ငန်းများပြန်လည် စတင်လုပ်ဆောင်နေရာ အမြန်ဆုံးပြီးစီးအောင်လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားရှိကြောင်း သိရသည်။

"Control Center စနစ်က ယာဉ်သွားလာမှုတွေကို ထိန်းချုပ်ဖို့ စမ်းသပ်နေပါတယ်။ လုပ်ရမယ့်အပိုင်းတွေက အများကြီးကျန်နေသေးတယ်။ မြေအောက်ကြိုးစနစ် ချိတ်ဆက်တဲ့အပိုင်းတွေ ကျန်နေသေးတယ်။ ဒီနေ့အထိတော့ မီးပွိုင့်ကင်မရာတွေကနေ စည်းကမ်းပျက်ကားတွေ အရေးယူတာမျိုး မလုပ်နိုင်သေးပါဘူး။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိအရာရှိတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ ယာဉ်သွားလာမှုထိန်းချုပ်သော Traffic Control Center မှာ သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိသဖြင့် ကုမ္ပဏီထံမှ ဒဏ်ကြေးငွေ ကျပ် ၂၁ သန်းရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။ ယင်းအစီရင်ခံစာတွင် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တော်၌ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန်အတွက် ခေတ်မီ မီး အချက်ပြစနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ Myanmar Shwe Ying International Co.,Ltd နှင့် China Railway 21st Bureau Group Co.,Ltd. (တရုတ်) နှင့်တန်ဖိုးကျပ် ၁၈ ဒသမ ၉၃၈ ဘီလျံဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှု မရှိသဖြင့် ဒဏ်ကြေးကျပ် ၂၁ သန်း ရရှိထားသော်လည်း လက်ရှိအချိန်တွင် ဒဏ်ကြေးဆက်လက် ပေးဆောင်ထားမှု မရှိခြင်းနှင့် လုပ်ငန်းပြီးစီးမှုလည်း မရှိသေးကြောင်း သိရသည်။

Author

Comments