ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက် ဝါးတန်းမီးရထားကုန်ရုံဘူတာတွင် ဇန်နဝါရီလ ၁၆ ၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ရပ်ထားသော ကွန်တိန်နာယာဉ်တစ်စီး ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။
အဆိုပါ ကုန်သေတ္တာပါ ကွန်တိန်နာယာဉ်၏ ခေါင်းခန်းမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၁ဝ နာရီ ၅၅ မိနစ်တွင် မီးငြိမ်သွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနက သိရပါသည်။
ထိုကုန်သေတ္တာပါ ကွန်တိန်နာယာဉ်၏ ခေါင်းခန်းမှ မီးစတင်လောင်ကျွမ်းခြင်းကို ဆိပ်ကမ်းမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောက်တံတားမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း တပ်ဖွဲ့ဝင် ၂၅ ဦး နှင့်မီးသတ်ယာဉ် ၅ စီးဖြင့် မီးငြိမ်း သတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့သူမရှိကြောင်း သိရသည်။
ကွန်တိန်နာယာဉ် မီးလောင်မှုဖြစ်ပွားအောင် မဆင်မခြင်ပေါ့ဆစွာ အသုံးပြုသူ အသက် ၄၉ နှစ်အရွယ်ယာဉ်မောင်း စိုင်း လှမောင်ကို ဆိပ်ကမ်းမြို့မရဲစခန်းက(ပ)၁၉/၂ဝ၁၈၊ ရာဇသက်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။